မောင်စိုင်းအောင်
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာရဲဒွေး (ရုပ်သေးအကဲဖြတ် လုပ်ငန်းအဖွဲ့ခေါင်းဆောင်)
ကျွန်တော်တို့ ရုပ်သေးမှာ ယနေ့ပြိုင်ပွဲဝင် ၂၅ ဦး ယှဉ်ပြိုင်သွားကြတယ်။ ခါတိုင်းနှစ်တွေထက်စာရင် ပြိုင်ပွဲဝင် ဦးရေတိုးတက်များပြားလာသလို ပြိုင်ပွဲဝင်ကလေးတွေအားလုံးက ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်လာတာကို မြင်တွေ့ရပါတယ်။ ကြိုးဆွဲတဲ့ပညာမှာ ကလေးတွေ၊ မျိုးဆက်သစ်တွေ မြတ်နိုးမှု၊ စိတ်ဝင်စားမှုကို လျှော့မချလိုက်ပါနဲ့။ ဆက်ပြီးကြိုးစားလေ့လာကြပါ။ ဒါမှသာ ကျွန်တော်တို့ အပင်ပန်းခံရကျိုးနပ်မယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကတော့ ငွေရတုကနေ ရှေ့ရတုပေါင်းများစွာ ဆက်လက်ရှင်သန် နေဖို့အထူးလိုအပ်တယ်လို့ ပြောချင်ပါတယ်။
မေရီတိန့်လော့မ် (ကချင်တိုင်းရင်းသူ)
တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ
ကျွန်မတို့က ကချင်တိုင်းရင်းသား ခြောက်မျိုးထဲက လီဆူဝတ်စုံနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ကျွန်မက ကချင်လူမျိုးဖြစ်ပြီး မြစ်ကြီးနား အ.ထ.က ၂ က Grade 12 ကျောင်းသူ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် နေပြည်တော်ကို လာခွင့်ရတာ၊ ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခွင့်ရတာ၊ ကျွန်မတို့ရိုးရာဝတ်စုံနဲ့ ဖျော်ဖြေကပြခွင့်ရတာ သိပ်ကိုပျော်ရွှင် ကြည်နူးရပါတယ်။ ဒီလို ခမ်းနား ကြီးကျယ်တဲ့ ပြိုင်ပွဲကြီးမှာ တိုင်းရင်းသား ရိုးရာဂီတနဲ့အကကို ဖော်ထုတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ကချင်အက ကလွယ်ကူပြီး ကျန်းမာရေးကောင်းစေပါတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးကို ခုန်ပေါက်ကခုန်ရတဲ့ ကချင်အကတွေကို ကတတ်စေချင်ပါတယ်။
မောင်စိုင်းအောင် (ရှမ်းတိုင်းရင်းသား၊ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့)
တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ
ကျွန်တော်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရှမ်းလူငယ်အသင်းဥက္ကဋ္ဌဖြစ်တော့ ပဲခူးရောက် ရှမ်းတိုင်းရင်းသားတွေစုစည်းပြီး ပဲခူးတိုင်းအနေနဲ့ ရှမ်းကျေးလက်တေးအကကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေမှုမှာ ရိုးရာတေးသီချင်းပါသလို၊ ရှမ်းအိုးစည်တီးပြီးကတဲ့ ရိုးရာကကွက်တွေ၊ တိုးနယား အကနဲ့ ရှမ်းဓားသိုင်းအကတွေ စုစည်းပါဝင်ပါတယ်။ တိုင်းရင်းသားအကတွေကို ပါဝင်အောင် ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေကလည်း ဖော်ထုတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ဆန်းသစ်တီထွင်မှုနဲ့ ရိုးရာယဉ်ကျေးမှုကို ပေါင်းစပ်ပြီး တစ်နှစ်ထက်တစ်နှစ် ကျယ်ပြန့်လာပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။
ဦးသန်းဝင်း (ရှမ်းပြည်နယ်)
အတီး၊ ဒုံမင်း (ဝါသနာရှင် ဒုတိယတန်း)
အသက် ၄၅ နှစ်မှာ ဒုံမင်းကို စတီးဖြစ်ခဲ့တယ်။ အရင်က မယ်ဒလင်တီးတယ်။ ဒုံမင်းတီးတတ်ပြီးကတည်းက နှစ် ၃၀ လောက် ဒုံမင်းကိုပဲ စွဲစွဲမြဲမြဲတီးဖြစ်တယ်။ ၂၀၀၃ ခုနှစ်ကတည်းက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဝင်ပြိုင်လာခဲ့တာ တစ်ခါမှဆုမရခဲ့ဘဲ (၂၄)ကြိမ်မြောက်မှာတော့ ပထမဆုံးအကြိမ် တတိယဆု ရရှိခဲ့ပါတယ်။ ဒုံမင်းတူရိယာက ဒိုရေမီဖာခုနစ်သံက အခြားတူရိယာတွေနဲ့တူပါတယ်။ မတူတာက လက်အနေအထားဖြစ်ပါတယ်။ လက်စုံစုံတီးနိုင်လေလေ ပိုအသံ ထွက်ကောင်းလေလေပေါ့။ မှန်နန်းရာဇဝင်ထဲမှာ စည်မျိုး ၁၂ ပါးရှိပြီး အဲဒီကတည်းက ဒုံမင်းလည်း ပါဝင်ခဲ့လို့ ရှေးတူရိယာလည်း ဖြစ်ပါတယ်။ ကျွန်တော်က လားရှိုးမြို့ကပါ။ လောလော ဆယ် စစ်ဘေးရှောင်အနေနဲ့ဟဲဟိုးက အမျိုးတွေဆီမှာ နေနေပါတယ်။ စစ်ဘေးရှောင်စဉ်မှာလည်း တခြားပစ္စည်းတွေအားလုံးမယူဘဲ ဒုံမင်းကြီးထမ်းပြီး ထွက်လာခဲ့တဲ့အထိ ရူးသွပ်တဲ့သူပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျွန်တော်လာနိုင်တဲ့ အခြေအနေရှိသရွေ့ မဖြစ်ဖြစ်အောင် လာပြိုင်မှာပါ။ ဒုံမင်းနဲ့ပတ်သက် လာရင်ဝါသနာပါသူတိုင်းကို သင်ပေးဖြစ်ပါတယ်။ ဒီနှစ်ငွေရတုပြိုင်ပွဲမှာ ကျွန်တော်က လားရှိုးကနေ ပြိုင်ခဲ့ရတာမဟုတ်ဘဲ ကလောခရိုင်က ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံ အမြန်ဆုံးအေးချမ်းသာယာပြီး အနုပညာယဉ်ကျေးမှုတွေကိုလည်း အခုထက်ပိုပြီး ဖော်ထုတ်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။
မလှိုင်းရွှေစင် (ရှမ်းပြည်နယ်)
ရုပ်သေး (ဝါသနာရှင် ဒုတိယတန်း)
ရုပ်သေးက ကြိုးနဲ့ကရတာဆိုတော့ လူကိုယ်တိုင်ကရတာနဲ့အများကြီး ကွဲပြားပါတယ်။ မသင်ရသေးခင်မှာ အတော်ခက်မယ်လို့ ထင်ထားပါတယ်။ ဝါသနာပါတော့လည်း တအားကြီးတော့ မခက်တော့ပါဘူး။ ရုပ်သေးက တိမ်ကောခါနီးပညာရပ်ဖြစ်လို့ အားလုံးက စိတ်ဝင်စားပေးကြဖို့၊ တန်ဖိုးထား ကြည့်ရှုပေးကြဖို့ တောင်းဆိုလိုပါတယ်။ ဒီနှစ်မှာ မင်းသားနဲ့ဇော်ရုပ်ဆွဲ ယှဉ်ပြိုင်ရပါတယ်။ မင်းသားကတော့ဟန်၊ အချိုးအဆစ်ကျကျနဲ့ ဆွဲရတာပါ။ ဇော်ဂျီရုပ်ကတော့ ရုပ်သေးရုပ်တွေထဲ အခက်ဆုံးလို့ ပြောကြပါတယ်။ သူကအခုန်အပေါက် အစွမ်းပြရတဲ့အရုပ်ဖြစ်ပါတယ်။ အရင်နှစ်က ပြိုင်ခဲ့ပေမယ့် တိုင်းအဆင့်အထိပဲ ရောက်ခဲ့ပြီး ဒီနှစ်တော့ပထမဆုံးအကြိမ် ယှဉ်ပြိုင်မှာမို့ အစွမ်းကုန်လေ့ကျင့်ထားပါတယ်။
မဂျူးနှင်းသဇင် (မကွေးတိုင်းဒေသကြီး)
ရုပ်သေး (ဝါသနာရှင်၊ ဒုတိယတန်း)
ကျွန်မက အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှာ သဘင်ဘာသာ ကျောင်းသူအဖြစ် တက်ရောက်နေပါတယ်။ ရုပ်သေးကို တက္ကသိုလ်ပထမနှစ်မှာ စတင်သင်ယူခွင့်ရခဲ့ပါတယ်။ လူတစ်ယောက် ကပြနေသလိုခြေချိုး၊ လက်ချိုး၊ အဆစ်ချိုးတာလေးတွေ သူများတင်ဆက် တာကြည့်ရင်း ဝါသနာပါလာခဲ့တာပါ။ မနှစ်က ရုပ်သေးပြိုင်တာလူဦးရေနည်းတယ်လို့ သိရပြီး ကျွန်မတို့ပြိုင်တဲ့ အခုနှစ်မှာ လူတွေအများကြီး ပါဝင်ယှဉ်ပြိုင်ကြတော့ စိတ်လှုပ်ရှားမိပါတယ်။ အရှေ့ပြိုင်ပွဲ ဝင်တွေဆီကနေ အချို့ကလက်ချိုးလှတယ်။ အချို့က ခြေချိုးလှတယ်။ အဲဒါတွေကိုကြည့်ပြီး အသိပညာ တိုးပွားရပါတယ်။ ဇော်ဂျီကြိုးဆွဲရတာ အချို့ကခက်တယ်လို့ ပြောပေမယ့် ကျွန်မကတော့ ဇော်ဂျီရုပ်ကို အကြိုက်ဆုံးပါ။ ကျွန်မရဲ့အားနည်းချက်ကကြိုး သေချာမရွေးနိုင်ဘူး။ တော်တော်လေ့ကျင့်ခဲ့ရတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနားသွားတဲ့အချိန် ကတည်း ပြိုင်ချင်ခဲ့တာ။ အခုပြန်လည် ကျင်းပပြီး ပြိုင်ခွင့်ရတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ကျောင်းပြီးသွားရင် ရုပ်သေးဆရာမ တစ်ယောက်ဖြစ်ချင်တာပါရှင့်။
မနှင်းအိရွှေစင်(ပဲခူးတိုင်းဒေသကြီး)
အခြေခံပညာ(၁၀-၁၅)
ဆိုင်းတစ်ဦးချင်း ပြိုင်ပွဲ
ဒီနေ့ပြိုင်ပွဲမှာ ဘုံဆောင်မြင့်(ကြိုး)သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲ ပြိုင်ဖို့အတွက် ရင်ခုန်တယ်။ ပျော်လည်း ပျော်တယ်။ ပထမဆုရဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ထားပါတယ်။ ဒီနှစ်မှာ အခြားပြိုင်ပွဲအနေနဲ့လည်း အခြေခံပညာ (၁၀-၁၅) ဒုံမင်းအတီးပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က အခြေခံပညာ(၁၀-၁၅) ဆိုင်း တစ်ဦးချင်းပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ်။ သမီးက အခု Grade-7 မှာပညာ သင်ကြားနေပါတယ်။ ဆိုင်းပညာနဲ့ ဒုံမင်းတီးတာကို သမီးငါးနှစ်အရွယ်ကတည်းက သမီးအမေဆိုင်းဆရာမကြီး ဒေါ်မြမြဝင်း ဆီကနေ သင်ယူခဲ့ပါတယ်။ ဆိုင်းပညာအမွေပေးတဲ့ သမီးမေမေကိုလည်း ကျေးဇူးတင်ပါတယ်။ သမီးက ဆိုင်းတီးရ တာကိုလည်းပျော်တယ်။ စိတ်လည်း ဝင်စားတယ်။ ကြိုက်လည်း ကြိုက်တယ်။ အခုလိုမျိုးပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့ အတွက်ကြောင့် သမီးတို့လိုလူငယ် မျိုးဆက်သစ်တွေအတွက် အတွေ့အကြုံကောင်းတွေ ရရှိစေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မောင်ရဲထက်(ကယားပြည်နယ်)
အခြေခံပညာ(၁၀-၁၅)
ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ
ဒီနေ့ပြိုင်ပွဲမှာ ဘုံဆောင်မြင့်(ကြိုး)သီချင်းနဲ့ တီးခတ်ယှဉ်ပြိုင်ခဲ့ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ထားပါတယ်။ ဒီပြိုင်ပွဲပြိုင်ဖို့အတွက် တော်တော်လေး လေ့ကျင့်ခဲ့ရတယ်။ ဆိုင်းပညာကို အသက်ခုနစ်နှစ်လောက် ကတည်းက စသင်ခဲ့တာ။ သားအဖေဆိုင်းဆရာကြီး ဦးပစ်တိုင်းထောင်နဲ့ ဆရာ ဦးဝင်းမြင့်ဆီကနေ လက်ဆင့်ကမ်း အမွေယူခဲ့ပါတယ်။ ဆိုင်းတီးရတာ ဝါသနာ ပါတယ်။ ဆိုင်းတီးရရင်ကို ပျော်နေ တာ။ ကျောင်းပိတ်ရက်တွေဆိုရင် တီးတယ်။ ကျောင်းဖွင့်တဲ့ရက်ဆိုလည်း ကျောင်းပြန်လာတဲ့ အချိန်ဆိုရင် တီးဖြစ်တယ်။ ကျောင်းတက်ရတာနဲ့ ဆိုင်းတီးရတာဆိုရင် ဆိုင်းတီးရတာ ပိုပြီးတော့ ကြိုက်တယ်။ ဆိုင်းအပြင် ပတ္တလားလည်း တီးတတ်တယ်။ မနှစ်ကလည်း အခြေခံပညာ(အသက် ၁၀-၁၅) ဆိုင်းတစ်ဦးချင်းနဲ့ ပတ္တလားတီးတာပြိုင်ခဲ့တာမှာ ဆိုင်းတစ်ဦးချင်းမှာ တတိယရတယ်။ သားကြီးလာရင် နာမည်ကြီးပြီးတော်တဲ့ ဆိုင်းဆရာကြီး တစ်ယောက်ဖြစ်ချင်တယ်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဇင်ဦး၊ နွဲ့မွန်၊ ဓာတ်ပုံ- တင်စိုး၊ ဟိန်းထက်ဇော်
No comments:
Post a Comment