Monday, October 21, 2024

(၂၅) ကြိမ်မြောက်က ပြီးတော့မယ်ဆိုတော့ ဒီအနုပညာတွေ တိမ်ကောပပျောက်မသွားအောင် ဆက်လက်ကျင်းပဖို့လိုတယ်။ အဓိကအရေးကြီးတာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတော်ကရော၊ ပညာရှင်တွေရော ဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါပဲ

ဒေါက်တာရဲဒွေး

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ သတ္တမမြောက်နေ့အဖြစ် ပြည်ထောင်စုနယ်မြေ အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲတွင် တာဝန်ယူကြရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-

ဒေါက်တာရဲဒွေး (ရုပ်သေးပညာရှင်)

ရုပ်စုံသဘင်အကဲဖြတ်အဖွဲ့ခေါင်းဆောင်

ကျွန်တော်ကိုယ်တိုင်ကလည်း ၁၉၆၆ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ ရှစ်နှစ်လောက် ရုပ်သေးအဖွဲ့ ဖွဲ့ပြီး တည်ထောင်ကပြခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းကနေ ကျင်းပပေးခဲ့တာဖြစ်လို့ နိုင်ငံတော်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအနုပညာတွေက အဟောင်းဖြစ်တာကြောင့် ပျောက်ချင်တဲ့ သဘောလေးတွေရှိတယ်။ (၂၅) ကြိမ်မြောက်အထိ ပြိုင်ပွဲကြီးတွေ ဘာမှမလုပ်ခဲ့ဘူးဆိုရင် မြန်မာမှုတွေ၊ သဘင်ဂီတတွေ ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ (၂၅) ကြိမ်မြောက်က ပြီးတော့မယ်ဆိုတော့ ဒီအနုပညာတွေ တိမ်ကောပပျောက်မသွားအောင် ဆက်လက်ကျင်းပဖို့လိုတယ်။ အဓိကအရေးကြီးတာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတော်ကရော၊ ပညာရှင်တွေရော ဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါပဲ။ ရန်ကုန်နဲ့ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်တို့မှာလည်း နိုင်ငံခြားရုပ်သေး ပညာရပ်တွေရှိတယ်။ အဲဒါတွေလည်း လေ့လာဖို့ကောင်းတယ်။ ရုပ်သေးပညာရပ်က အင်းဝခေတ် ကတည်းက ပေါ်ထွန်းခဲ့တာပါ။ အင်းဝခေတ်မှာ ရှင်မဟာရဋ္ဌသာရ ရေးသားထားတဲ့ပျို့တွေ၊ လင်္ကာတွေထဲမှာပါတယ်။ ဘူရိဒတ်လင်္ကာကြီးမှာဆိုရင် ကြိုးဆွဲငင်ချ အရုပ်ကဆိုတာတွေပါတယ်။ ရုပ်သေးအကထဲမှာ မင်းသမီးအကက အခက်ခဲဆုံးဖြစ်ပါတယ်။ ဒါကတော့ အဘရဲ့အယူအဆပါ။ တခြားပညာရှင်တွေက တစ်မျိုးပြောချင်ပြောမှာပေါ့။ ဒုတိယခက် တာက မင်းသားအက ဖြစ်ပါတယ်။ လက်ဆင့်ကမ်းထိန်းသိမ်းဖို့နဲ့ ပျောက်ကွယ်မသွားဖို့ကတော့ ရန်ကုန်နဲ့ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်တွေက တာဝန်အရှိဆုံးဖြစ်သလို ပညာရှင်တွေလည်း အရေးကြီးပါတယ်။

ဦးစိန်ဝင်းနိုင်

ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ

အကဲဖြတ်ဒိုင်အဖွဲ့ဝင်

ဒီနှစ်ကလေးတွေက အားရစရာကောင်းပါတယ်။ အားလုံးကလည်း တိုးတက်မှုရှိတယ်။ ကြိုးလည်း ကြိုးစားကြပါတယ်။ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲမှာ နှစ်တိုင်းအကဲဖြတ် အဖွဲ့ဝင်အနေနဲ့ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဆိုင်းပညာရပ်က ကောင်းတိုင်းလည်းမတော်၊ တော်တိုင်းလည်း မကောင်းဘူးလေ။ ဝါသနာပါတိုင်းလည်း မဖြစ်ဘူး။ ပါရမီကလည်း ရှိဦးမှ။ သင်ပေးတဲ့ ဆရာနဲ့ ကိုယ့်ရဲ့အသိုင်းအဝိုင်းက လည်း အားပေးမှုရှိမှပါ။ ဆိုင်းပညာရပ်က တော်တော်လေး ခဲယဉ်းပါတယ်။ ပါရမီပါပေမယ့် ကြိုးစားအားထုတ်မှုနည်းရင် တတ်မြောက်ဖို့မလွယ်ဘူး။ ပါရမီဓာတ်ခံရယ်၊ ကြိုးစားအားထုတ်မှုရယ်၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းတွေကောင်းမှ ဆိုင်းအတတ်ပညာက တတ်မြောက်မှာ ဖြစ်ပါတယ်။ ဆိုင်းဝိုင်းထဲမှာ ပတ်လုံးက ၂၁ လုံး ရှိတယ်။ အဲဒီ ၂၁ လုံးထဲမှာ အသံ ကို ဝှက်တီးရတာတို့လည်း ရှိသေး တယ်။ သင်ယူစဉ်ကတည်းက ဆရာတွေက အခြေခံကျကျသင်ပေးမှ တတ်မြောက်လာတဲ့ အချိန်ကျရင် ဒါကြောင့် လက်မနဲ့ထောက်ပြီး တီးတာက ဘယ်လို၊ လက်ညှိုးနဲ့ ထောက်တီးတာက ဘယ်လိုဆိုတာသိမှာ။ သုံးလုံးဆိုင်၊ လေးလုံးဆိုင်၊ ငါးလုံးဆိုင်၊ ခြောက်လုံးဆိုင် ဆိုတာတွေလည်းရှိတယ်။ မြန်မာစာ ကကြီး၊ ခကွေး မတတ်ဘဲ ကိုယ့်နာမည်ရေးဖို့ မလွယ်သလိုပါပဲ။ ကျွန်တော်တို့ မြန်မာ့ဆိုင်းလည်း အဲဒီလိုပါပဲ။ ဆိုင်းပညာရပ်ရဲ့ အခြေခံကတော့ စည်းနဲ့ဝါးပါပဲ။ သတ်မှတ်ထားတဲ့ ကြိုးသီချင်း၊ ယိုးဒယားသီချင်း၊ ပတ်ပျိုး၊ သီချင်းခံ၊ ဘွဲ့တို့က တဖြည်းဖြည်းတတ် လာတာ။ သင်ပေးတဲ့ဆရာက အရေးအကြီးဆုံးပါပဲ။ စည်းနဲ့ဝါးက ဘယ်လက်ကို ဘယ်လိုထားရ မယ်၊ ညာလက်ကို ဘယ်လိုထားရမယ်ဆိုတာတွေက တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက်ရတာဖြစ်ပါတယ်။ ပတ်လုံးရဲ့အရင်းမှာ မရှိတာကို အဖျားမှာတီးရတာတို့၊ အဖျားမှာမရှိတာကို ပတ်လုံးနဲ့ တွဲတီးရတာတို့တွေရှိတယ်။ မြန်မာ့အနုပညာကို ဝါသနာမပါတဲ့ ကလေးတွေကတော့ ခေတ်ရဲ့ ပေါ်လစီကို လိုက်ကြတာဖြစ်တယ်။ ခေတ်သီချင်းကတော့ မြန်မာ့အနုပညာလောက် မခဲယဉ်းပါဘူး။ ခေတ်ပေါ်ကလည်း မြန်မာ့ ဆိုင်းပညာတို့၊ မြန်မာ့တူရိယာ စောင်းပညာတို့၊ တယောတို့၊ ဒုံမင်းတို့ကနေ ဆင်းသက်လာတာပါပဲ။ ခက်ခဲနက်နဲတာကတော့ မြန်မာ့ဆိုင်းပညာပဲ ဖြစ်ပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေ ကျင်းပပေးခြင်းအားဖြင့် နောင်အနာဂတ် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာမယ်လို့လည်း ယုံကြည်ပါတယ်။

ဦးရွှေသွေး

ကွက်စိပ်ပြိုင်ပွဲဝင်

ဝါသနာရှင်(ပထမတန်း)

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

အခု ဒီဇာတ်တော်ကတော့ မြတ်စွာဘုရား နုစဉ်ကာလက အင်္ဂုလိမာလတစ်ဖြစ်လဲ လူသားစား ပေါရိသာဒကို တရားပြ နားချတဲ့သဘောပါ။ အခုကွက်စိပ် ပြိုင်ပွဲမှာ မဟာသုတသောမဇာတ်ကို ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပညာကို ကိုးနှစ်သားကတည်းက လေ့လာခဲ့တာပါ။ ကျွန်တော့်ရဲ့ အစ်ကိုအကြီးဆုံး ကိုပေါ်လာဆိုတဲ့ လူရွှင်တော်ကြီးတစ်ယောက် ရှိပါတယ်။ သူက လူရွှင်တော်လုပ်ပါလား သင်ပေးမယ်ဆိုပြီး ကျောင်းနားတဲ့ စနေ၊ တနင်္ဂနွေဆိုရင် ပြက်လုံးတွေသင်ပေးတယ်။ အဲဒီတုန်းက ရန်ကုန်မော်တင်ဘက်မှာ အငြိမ့်ပွဲတွေရှိတယ်။ အဲဒီမှာ သွားကရင်း ဇာတ်လောကထဲကို ရောက်သွားတာ ဖြစ်ပါတယ်။ အရင်နှစ်က မဟော်သဓာဇာတ် တော်ကြီးနဲ့ ဝင်ပြိုင်ခဲ့သလို အခုနှစ်လည်း ဇာတ်တော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ၁၉၉၆ ခုနှစ်လောက်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ အငြိမ့်နဲ့ဝင်ပြိုင်ခဲ့ဖူးပါတယ်။ (၂၅) ကြိမ်မြောက် ငွေရတုသဘင်ကြီးမှာ ဦးရွှေသွေးအနေနဲ့ ဇာတ်တော်ကြီးနဲ့ ကွက်စိပ်ပြိုင်ရမယ်နော်ဆိုပြီး ပြောထားလို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ နိုင်ငံတော်အကြီးအကဲတွေက အနုပညာရှင်တွေကို မြှောက်စားပေးတဲ့ပွဲမှာ ကိုယ်လည်း ပါတယ်ဆိုတော့ ပီတိဖြစ်ပါတယ်။ နောက်လည်း ဒီလိုပွဲတွေ ကျင်းပစေချင်တယ်။ ကိုယ်ကဒီပညာနဲ့ပဲ ထမင်းစားရတာဆိုတော့ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန် ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မျိုးဆက်သစ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်က ချန်ထားစရာပဲရှိတာပါ။ ယူသွားစရာမရှိပါဘူး။ အခုခေတ်က ကိုယ်ကခေါ်ပြီး ပေးနေရတဲ့ခေတ်ဖြစ်နေပြီ။ လူငယ်တွေလည်းမပေါ့ပါနဲ့။ ဒီပညာက တကယ်တန်ဖိုး ရှိပါတယ်။ ရိုးရာပညာဖြစ်သလို ကမ္ဘာမှာ မျက်နှာမငယ်ပါဘူး။ တကယ်ထဲထဲဝင်ဝင်လေ့လာကြပါ။ ရိုးရာပျောက်ရင် လူမျိုးပျောက်မယ်။ လူငယ်တွေကို လက်ဆင့်ကမ်းချင်ပါတယ်။ ကိုယ့်ရိုးရာယဉ်ကျေး မှုကို တန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။

မောင်ခန့်ကိုငြိမ်း

အတီး(ပတ္တလား)ပြိုင်ပွဲဝင်

အခြေခံပညာ(အသက် ၁၀-၁၅ နှစ်)

မကွေးတိုင်းဒေသကြီးကိုယ်စားပြု

အတီး (ပတ္တလား) ပြိုင်ပွဲမှာ မင်္ဂလာသီရိသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပတ္တလားပညာကို အသက် ၁၀ နှစ်ကတည်းက လေ့လာသင်ယူခဲ့တာပါ။ အဖေကဆိုင်းဆရာဆိုတော့ ငယ်ငယ်ကတည်းက ဒီပညာကိုလေ့လာဖို့ စိတ်ကူးခဲ့တာပါ။ ကျောင်းဂုဏ်ပြုပွဲတွေမှာလည်း မောင်းဆိုင်းတီးပြီး ဖျော်ဖြေခဲ့ပါတယ်။ အတန်းပညာကတော့ Grade-6 ဖြစ်ပါတယ်။ အရင်နှစ်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးပေမယ့် အခုလို ဗဟိုအဆင့်တော့ မရောက် ခဲ့ပါဘူး။ ပတ္တလားပညာရဲ့ လက်ဦးဆရာကတော့အဖေပါ။ ဒီပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် တစ်လလောက် အချိန်ယူ လေ့ကျင့်ခဲ့ရပါတယ်။ သားကြီးလာရင် ဆိုင်းဆရာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဆိုင်းဝိုင်းကြီးလည်း တီးတတ်ပါတယ်။ အဓိကဝါသနာပါတာကတော့ ဆိုင်းဝိုင်းကြီးပါ။ ဆိုင်းဝိုင်းကြီးက ခရိုင်မှာ ပထမရပေမယ့် တိုင်းဒေသကြီးမှာ ဒုတိယပဲရတော့ (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာပတ္တလားကိုပဲ ဝင်ပြိုင်ခွင့်ရခဲ့တာပါ။ ပွဲတွေရှိရင်လည်း ဆိုင်းဝိုင်းကြီးကို လိုက်တီးပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မောင်ဇွဲထက်အောင်

ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင်

အခြေခံပညာ(အသက် ၁၀-၁၅နှစ်)

တနင်္သာရီတိုင်းဒေသကြီး

ကိုယ်စားပြု

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ ဘာသာရပ်နှစ်ခုနဲ့ ပါဝင်ယှဉ်ပြိုင် ဖြစ်ပါတယ်။ ပတ္တလားနဲ့ ဆိုင်းတစ်ဦးချင်းဖြစ်ပါတယ်။ အတီး (ပတ္တလား) ပြိုင်ပွဲကတော့ မင်္ဂလာသီရိနဲ့ပြိုင်ဖြစ်ခဲ့တာပါ။ ဆိုင်းနဲ့ပတ္တလားဆိုရင် ဆိုင်းကိုပိုပြီးဝါသနာပါတယ်။ အဲဒီနှစ်မျိုးထဲမှာ အကျွမ်းကျင်ဆုံး ဘာသာရပ်ကလည်း ဆိုင်းပညာဖြစ်ပါတယ်။ အသက် ကိုးနှစ်၊ ၁၀ နှစ်လောက်ကတည်းက ဆိုင်းစတီးခဲ့တာဖြစ်ပါတယ်။ ပတ္တလားကိုတော့ ၁၂ နှစ် လောက်ကျမှ တီးဖြစ်ခဲ့တာပါ။ မိဘမျိုးရိုးကလည်း ဆိုင်းဆရာမျိုးရိုး ဖြစ်ပါတယ်။ အဖေက ဆိုင်းဆရာဖြစ်ပါတယ်။ (၂၃) ကြိမ်မြောက်တုန်းကလည်း ဆိုင်းနဲ့ပတ္တလား ဝင်ပြိုင်ခဲ့ပါတယ်။ ဆိုင်းမှာ တတိယရပြီး ပတ္တလားမှာ ဒုတိယရခဲ့ပါတယ်။ ဒီယဉ်ကျေးမှုအမွေအနှစ်ကို နောက်ပိုင်းကျရင် ပျောက်ပျက် မသွားရလေအောင်လုပ်ပေးရမယ့် တာဝန်ကလည်း သားတို့အနုပညာ ဝါသနာပါသူတွေမှာ တာဝန်ရှိပါတယ်။ ရိုးရာယဉ်ကျေးမှုဆိုတာကတော့ မပျောက်ပျက်တာ အကောင်းဆုံးပါ။ တဖြည်းဖြည်းနဲ့ ဆိုင်းပညာနဲ့ အသက်မွေးတဲ့သူလည်း ရှားလာတာဖြစ်လို့ မပျောက်ပျက်စေချင်ပါဘူး။ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းသွားဖို့လည်း ရည်ရွယ်ထားပါတယ်။

No comments:

Post a Comment