Tuesday, October 1, 2024

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား

 

နေပြည်တော် အောက်တိုဘာ ၁ ရက်

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မိုင်းမောမြို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်းတာဝန်ခံ အရာရှိများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူသည်။

ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို အသီးသီးဖွင့်လှစ်ခဲ့ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment