Thursday, October 17, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား

 

နေပြည်တော် အောက်တိုဘာ ၁၇

သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။















သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ ဇီဝိတဒါနငါး/ငှက်လွှတ်ခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည့်အပြင် အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌လည်း အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများဖြင့် ကုသိုလ်ယူခဲ့ကြသည်။ ၎င်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေးစောင့် ရှောက်ပေးခြင်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် စတုဒိသာကျွေးမွေးခြင်းများ၊ မြန်မာ့ရိုးရာ အကအလှဖျော်ဖြေခြင်းများကိုလည်း မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေဥယျာဉ်များ၌လည်း သီတင်းကျွတ်ရုံးပိတ်ရက်လာရောက် အပန်းဖြေအနားယူကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင်ထားသည့် ပုံစံငယ်များဖြင့် မီးအလှများဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်းဥယျာဉ်တွင်လည်း ရောင်စုံမီးများ တပ်ဆင်ထားပြီး လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ဆီမီးပူဇော်ထွန်းညှိခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဥယျာဉ်၊ ပန်းခြံများနှင့် အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိကာ ပြည်သူများလာရောက် အနားယူအပန်းဖြေလျက်ရှိကြကြောင်းနှင့် အလှမီးထွန်းညှိခြင်း၊ ရောင်စုံမီးပုံးများလွှတ်တင်ခြင်းတို့ကို ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment