နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက
Video Conferencing ဖြင့် တက်ရောက်ကြသည်။
လူဦးရေနှင့်
အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်မှ
၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း၊ အများစုကောက်ခံပြီးဖြစ်သော်လည်း
ဆက်လက်၍ ကောက်ယူရန်ရှိသည့်နေရာများ ကျန်ရှိနေသေးကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို
အမျိုးသားရေးကိစ္စရပ်တစ်ခု အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးအရ ကောက်ယူရန်
ကျန်ရှိသည့်နေရာများတွင်လည်း ဆက်လက်ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေနှင့်
အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်
သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအားလုံးကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း။
ရေဘေးသင့်ဒေသများ
ပြန်လည်ထူထောင်ရေး
ပြီးခဲ့သည့်လအတွင်း
ရာဂိမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့သည့်အရှိန်များကြောင့်
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားစဉ် လူသေဆုံးမှုအနေဖြင့် ယခုအချိန်အထိစာရင်းအရ
၄၄၄ ဦးရှိခဲ့ကြောင်း၊ အလားတူ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့သကဲ့သို့ နေအိမ်အဆောက်အဦများ၊
လမ်းတံတားများ ပျက်စီးခဲ့ပြီး ယာဉ်၊ ယန္တရားများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊
မိမိတို့နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအနက်
ယခုဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုသည် အများဆုံးဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ချိန်တွင် စေတနာရှင်ပြည်သူများနှင့် ပရဟိတအဖွဲ့အစည်းအသီးသီးအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ကို
တွေ့ရှိရသဖြင့်လည်း မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း။
ရေဘေးကြောင့်
ထိခိုက်ပျက်စီးခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းပမာဏကျယ်ပြန့်သဖြင့်
နိုင်ငံတော်၏ဘက်ဂျက်အပြင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန်လိုအပ်သဖြင့် နိုင်ငံတော်အဆင့်
အလှူငွေလက်ခံခြင်းကို ၃ ကြိမ်ဆောင်ရွက်ခဲ့ရာ အလှူငွေ ၅၃ ဘီလီယံကျော်ရရှိခဲ့ကြောင်း၊
တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအနေဖြင့်လည်း သက်ဆိုင်ရာနေရာအသီးသီးသို့ သွားရောက်လှူဒါန်းခြင်း၊
ဝိုင်းဝန်းကူညီခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ အလားတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်
ကြက်ခြေနီအသင်းအဖွဲ့များကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့မှုများနှင့်
စေတနာရှင်၊ အလှူရှင်များအားလုံး၏ လှူဒါန်းမှုများကို နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြု
မှတ်တမ်းတင်အပ်ပါကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းဆောင်ရွက်
မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊
အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပခဲ့ပြီး မကြာမီအချိန်တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊
ပြိုင်ပွဲကြီးကို ယခုကဲ့သို့ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့သည် ကဏ္ဍအလိုက်
တာဝန်ရှိသူများကို အသိအမှတ်ပြုကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက် ဒေသအားလုံးမှ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊
ယခုမြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့်
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ယဉ်ကျေးမှုကို
ထိန်းသိမ်းနိုင်မှ နိုင်ငံတည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား
ညီအစ်ကိုမောင်နှမများအားလုံးက ဆက်လက်၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ဝန်ကြီးဌာနများနှင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ တာဝန်ထမ်းဆောင်မှု
ဝန်ကြီးဌာနများနှင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ထမ်းဆောင်ရသည့် ကဏ္ဍအလိုက်နှင့်ဒေသ၏အကျိုးကို
အကောင်အထည်ဖော်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့်မှ သိသင့်သိထိုက်သည်များကို
တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် နိုင်ငံတော်အဆင့်မှ လမ်းညွှန်မှာကြားရန်လိုအပ်သည်များ၊
ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့်
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပါက အချိန်နှင့်တစ်ပြေးညီ
တုံ့ပြန်ဆောင်ရွက်သွားရန်လိုအပ်သည့်အတွက် အလေးထားတင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊
ပြည်ထောင်စုအဆင့် ရုံးဌာနများနှင့် လုပ်ငန်းတာဝန်များ ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ
ဖြစ်ပေါ်ပါက တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တာဝန် များကိုထမ်းဆောင်ရာတွင်
ရိုးရိုးသားသားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး မိမိတို့လုပ်ဆောင်ချက်များအားလုံးကို
မှတ်ကျောက်တင်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
ကမ္ဘာပေါ်တွင်
စားရေရိက္ခာထုတ်လုပ်သည့် နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်
မိမိတို့အနေဖြင့်
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေး ပြန်လည်
ဦးမော့လာစေရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့်
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့သဖြင့်
နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့်
နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး
တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးကြောင်း၊ သီးနှံများပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်
လိုအပ်ပြီး တိုင်းဒေသကြီး၊ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုး၍ စံနမူနာပြ
ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေး အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊
ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းနှင့်ဆက်စပ်သည့်
ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမြင့်မား
လာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးအား တိုးတက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင်
အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်း။
မိမိတို့တွင်ပိုင်ဆိုင်ထားသည့်
ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြရန်လိုကြောင်း၊
ရေကို အကျိုးရှိစွာ အသုံးချနိုင်ရမည်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏နည်းစနစ်များကိုလည်း
လေ့လာအတုယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်လည်း အသီးအနှံများ
ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့တွင်ရှိသည့်
အခြေခံကောင်းများကို ကောင်းစွာအသုံးချနိုင်ခြင်းသည် နိုင်ငံ၏အားပင်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များနှင့်ပို့ကုန်များ တိုးမြှင့်လာအောင် ဆောင်ရွက်ကာ
ကမ္ဘာပေါ်တွင် စားရေရိက္ခာကို ထုတ်လုပ်သည့်နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရန်လိုကြောင်း။
မွေးမြူရေးလုပ်ငန်းများကိုလည်း
စနစ်တကျဖြင့် မွေးမြူနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို
ဒေသန္တရမွေးမြူခြင်းထက် လှောင်၍ မွေးမြူပြီး ဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်
စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊
စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက စားသောက်ကုန်များ
များစွာထုတ်လုပ်နိုင်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
နိုင်ငံတွင် ရှိပြီးဖြစ်သည့်
သစ်၊ ဝါး၊ ကြိမ်နှင့် အခြားသစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း
ပို့ကုန်ပစ္စည်းများအထိ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း
အခွင့်အလမ်းနှင့် နည်းပညာများ ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ သစ်တောထွက်ပစ္စည်းများကို
ထုတ်ယူပြီးပါက ပြန်လည်စိုက်ပျိုးကြရန်လည်းလိုကြောင်း၊ တိုင်းပြည်၏ အခြေခံအရင်းအမြစ်များကို
အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက အကျိုးရှိမည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်မှုများတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာ
အဓိကဦးစားပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတွင်းရှိ အခြားသော ပြည့်ဖြိုးမြဲ
အခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊
ဥပမာအားဖြင့် သစ်၊ ဝါး၊ ကြိမ်၊ ရာဘာတို့ကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်းများကို
အားပေးဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
ဝါနှင့်ပတ်သက်၍
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့အနေဖြင့် ဝါကိုအခြေခံသည့်
စက်မှုလုပ်ငန်းများကို ဦးဆောင်ကြရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းအားလုံးတွင် အထည်လုပ်ငန်းများရှိကြပြီး
ချည်နှင့်ပတ်သက်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊
ဝါနှင့်ပတ်သက်၍ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားကြရန်လိုပြီး စိုက်ဧကများမှ ထွက်ရှိလာသည့်
ဝါဂွမ်းများမှ အဆင့်မီသည့်ချည်ထည်ပစ္စည်းများ အဆင့်အထိတိုးတက်ထုတ်လုပ်နိုင်မည်ဆိုပါက
ပြည်ပမှ အထည်အလိပ်နှင့် ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်း
လိုအပ်ချက်ပြည့်မီပါက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ တစ်ခေတ်ဆန်းနိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ရာဘာထုတ်ကုန်များကိုလည်း မိမိတို့ပြည်တွင်း၌
တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှုများ
ကိုအားပေး၍ ပြည်တွင်းလိုအပ်ချက် ပြည့်မီစေရေး ထုတ်လုပ်နိုင်ကြရန်လိုကြောင်း။
ပညာရေးနှင့်
ခရီးသွားကဏ္ဍ
မကြာမီကာလအတွင်း
တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး
ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ကျောင်းသားများအားလုံး လုံခြုံချောမွေ့စွာ၊
ပျော်ရွှင်ချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်
ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊
ကျောင်းသူများ စိတ်လက်ချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေး ကျောင်းများအတွင်း သန့်ရှင်းသာယာမှုရှိအောင်
ဆောင်ရွက်ပေးကြရန်လိုသကဲ့သို့ တန်းစဉ်အလိုက် သင်ရိုးအားလုံး တတ်မြောက်စေရေး အချိန်ပိုစာသင်ချိန်များဖြင့်
သင်ကြားပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊
ဆရာ၊ ဆရာမများ၏စွမ်းရည်မြှင့်တင်ရေးနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့်
ပြည်တွင်း၊ ပြည်ပခရီးသွားများ များပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက် ခရီးသွားများလာရောက်လည်ပတ်လိုသည့်ဒေသများ ဖြစ်စေရေး ဒေသများအလိုက်
သန့်ရှင်းသာယာလှပပြီး ပန်းပေါင်းဝေဆာသည့် ဒေသများဖြစ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း၊
အလားတူ ဒေသအလိုက် ထုတ်ကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊
တည်းခိုသည့် ဟိုတယ်များနှင့် တည်းခိုခန်းများ သန့်ရှင်းမှုရှိစေရေးအတွက်လည်း တာဝန်ရှိသူများက
ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် အစည်းအဝေးသို့
တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက
ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများ
တိုးတက်စေရေး စံပြစိုက်ခင်းများ စိုက်ပျိုး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးရာသီကာလအတွင်း
စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊
မူဝါဒများကို အောက်ခြေအဆင့်အထိ သိရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရေး
ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check ၊
Recheck I Counter Check ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
ဒေသလုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက်
လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ လာမည့်ဒီဇင်ဘာလအတွင်း
ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တွင်လည်း အရည်အချင်းရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး
ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများက
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင်
ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများကို စည်းကမ်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်နှင့်
ပုစွန်မွေးမြူခြင်းလုပ်ငန်းများကိုလည်း တိုးတက်အောင်ဆောင်ရွက်၍ ရေထွက်ပစ္စည်း တိုးတက်
တင်ပို့နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း အထွက်နှုန်းများတိုးတက်အောင်
ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပသို့ ပညာတော်သင်သွားရောက်သည့်ကိစ္စများနှင့်ပတ်သက်၍လည်း
သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးရန်လိုကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်များကို
အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်းများမှ အဓိကအချက်များကို
ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး
ရည်မှန်းပြီး လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် အခြားကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း၊ စနစ်တကျဖြင့် အောင်မြင်အောင် ကျင်းပနိုင်ရေး ရည်မှန်းချက်ထား၍
ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့်
ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးရည်မှန်းချက်ကိုလည်း
အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် စီးပွားရေးစီမံကိန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရေး
ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရည်မှန်းချက်တစ်ခုချင်းအလိုက်
စနစ်တကျဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းတာဝန်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
ရည်မှန်းချက်များကို တစ်ဆင့်ချင်း အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုပြီး
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းများကို အောင်မြင်အောင်
အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့်ပတ်သက်၍လည်း
စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို
ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment