Wednesday, October 2, 2024

ရေကြီးရေလျှံခဲ့မှုများနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက်ဆန်းစစ်ရေး၊ ဘေးအန္တရာယ်ပြမြေပုံများ ပြုစုထုတ်ဝေရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

ရေကြီးရေလျှံခဲ့မှုများနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်ရေး၊ ဘေးအန္တရာယ်ပြမြေပုံများ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ပြုစုထုတ်ဝေရေးဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ-၂၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့် ဦးလူအေး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ရာသီဥတုပြောင်းလဲမှုကြောင့် သမားရိုးကျမဟုတ်သည့် သဘာဝဘေးကျရောက်မှုများ ပိုမိုဖြစ်ပေါ်နေသည့်ကာလတွင် ကြိုတင်သိရှိ ခြင်း၊ သိရှိသည်များကို လိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် များစွာအရေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားလုံးအကျုံးဝင်ပြီး တစ်ဦးတစ်ယောက်မှ ကျန်လပ်စေခြင်းမရှိသည့် ကြိုတင်ပြင်ဆင်မှုမျိုးဖြစ်စေရေးအတွက် လူထုအခြေပြုနှင့် သင်တန်းကျောင်းအခြေပြု အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု သည် နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်မျှမကြုံဖူးသေးသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ် မျိုးဖြစ်၍ သင်ခန်းစာဖော်ထုတ်ကာ ထိတွေ့ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အရင်းအမြစ်များ၊ အခြေအနေများနှင့် ကိုက်ညီသည့် ဆန်းစစ်မှုမျိုးဆောင်ရွက်ရန်၊ မိမိနိုင်ငံနှင့်သင့်လျော်သည့် လုပ်ငန်းအစီအစဉ်များဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက နိုင်ငံတကာနှင့် ပြည်တွင်းဘေးအန္တရာယ်ကျရောက်ပြီးချိန် ဆန်းစစ်လေ့လာမှုများ၌ ဖော်ထုတ်ရရှိခဲ့သည့် သင်ခန်းစာနှင့် အတွေ့အကြုံများကိုမျှဝေကာ ဆောင်ရွက်သင့်သည်များကို လည်းကောင်း၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရန်ပုံငွေကျခံနိုင်သည့်နည်းလမ်း၊ ဆောင်ရွက်သင့်သည့် နယ်ပယ်များကို လည်းကောင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment