နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များ၏ အခန်းကဏ္ဍမှာ ကြီးမားသည်။ မိမိတို့နိုင်ငံ၏ ကုန်ထုတ်မှုကဏ္ဍတွင် ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ပြီး လုပ်သားအင်အားစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ MSME များသည် နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်သည်နှင့်အမျှ နိုင်ငံ၏ ဂျီဒီပီနှင့် လူမှုစီးပွားဘဝတည်ငြိမ်မှုတို့ကို ပိုမိုဖြစ်ထွန်းလာစေမည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၏ MSME လုပ်ငန်းများတွင် စားသောက်ကုန် ထုတ်လုပ်မှုများကသာ
အဓိကလွှမ်းမိုးထားသည်ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးထုတ်လုပ်မှု
လုပ်ငန်းများသည် ဆန်စက်လုပ်ငန်းများဖြစ်ပြီး ယင်းနောက်မှ အစားအစာလုပ်ငန်းများ၊ အဖျော်ယမကာလုပ်ငန်းများနှင့်
ဆေးရွက်ကြီးနှင့်ပတ်သက်သောလုပ်ငန်းများ အစဉ်လိုက်တည်ရှိနေသည်။ ဤသည်မှာ နိုင်ငံတွင်
အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး နိုင်ငံသားတို့၏ အဓိက စားသုံးသီးနှံလည်းဖြစ်သည့် ဆန်စပါးကို
အကြောင်းပြု၍ ဆန်စက်လုပ်ငန်းများက အကြီးဆုံးထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်နေရသည်ဟု ဆိုနိုင်သည်။
ဆန်ကို ကုန်ကြမ်းအဖြစ် အသုံးပြု ၍ စားသောက်ကုန်အမျိုးအမည် များစွာထုတ်လုပ်နိုင်သည့်အပြင်
ပြည်တွင်းဒေသအသီးသီးတို့တွင် စိုက်ပျိုးထုတ်လုပ်နေသည့် စိုက်ပျိုးရေးထွက်ကုန်များမှ
စားသောက်ကုန်နှင့် ကုန်ချောအမျိုး မျိုးတို့ကို ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းမှ ရရှိနိုင်သည့် သယံဇာတကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောထုတ်လုပ်သည့်
လုပ်ငန်း များထူထောင်နိုင်ရန် အားပေးဆောင်ရွက်ရန်လည်း လိုအပ်လျက်ရှိသည်။
“အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများဆောင်ရွက်မှုများတွင်
စားသောက်ကုန်ထုတ်လုပ် ခြင်းလုပ်ငန်းများကိုသာ အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိသည်ကို
တွေ့ရှိရကြောင်း၊ နိုင်ငံအတွင်းရှိ အခြားသောပြည့်ဖြိုးမြဲ အခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ
ထုတ်လုပ်ခြင်းများကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဥပမာ အားဖြင့် သစ်၊ ဝါး၊
ကြိမ်၊ ရော်ဘာတို့ကိုအခြေခံသည့် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းအားဖြင့်
အလုပ်အကိုင်အခွင့်အလမ်း များစွာကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း
ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)
တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ မိမိတို့နိုင်ငံတွင် ရှိနေသည့် သဘာဝ
သယံဇာတအရင်းအမြစ်များကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်
ကြိုးပမ်းသွားကြရမည် ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း၍ တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ရှိနေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ
အပါအဝင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ကုန်စည်ပြပွဲများ ကျင်းပ ပေးခြင်း၊ MSMEs
Award ဆုများ ချီးမြှင့်ခြင်း၊ နည်းပညာများ ဖြန့်ဝေပေးခြင်း၊ ငွေကြေးဆိုင်ရာ အထောက်အကူပြုပေးခြင်းများ
စသည့် MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်၏
ကူညီပံ့ပိုးမြှင့်တင်မှုများနှင့်အတူ နိုင်ငံအတွင်းရှိ ပြည့်ဖြိုးမြဲသယံဇာတများကို
အသုံးပြု၍တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ထူထောင်လုပ်ကိုင်နိုင်ကြရန် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment