Wednesday, October 16, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၅

အောက်တိုဘာ ၁၆ ရက်တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး၊ လူသားတိုင်း စား‌ရေရိက္ခာပြည့်မီအောင်ဖြည့်ဆည်းပေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှပညာရှင်များက လက်ရှိကမ္ဘာပေါ်၌ စားရေရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝမှုနှင့်လူသားတိုင်း အစားအစာ လုံလောက်မှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် အဓိကသီးနှံများဖြစ်သော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဖူလုံမှုအခြေအနေ၊ မွေးမြူရေးကဏ္ဍအနေဖြင့် အသား၊ ငါး၊ နို့၊ ဥ စသည့် အစားအသောက်များ လုံလုံ လောက်လောက်ရရှိရေးအတွက် ထုတ်လုပ်မှု၊ စားသုံးမှု၊ ဖူလုံမှုအခြေ အနေ၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေချို ရေငန် ငါးပုစွန်၊ ငါးပိ၊ ငါးခြောက်စသည့် ရေထွက်ကုန်များ မွေးမြူထုတ်လုပ်မှု၊ သဘာဝရေပြင်မှ ဖမ်းဆီးရရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ဖူလုံမှုအခြေအနေနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အာဟာရပြည့်ဝရေးစသည့် လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန်အတွက် စိုက်ပျိုးရေးစားနပ်ရိက္ခာစနစ်အသွင် ကူးပြောင်းခြင်း (Agri-food system Transformation) ကို စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သောဘဝ ရရှိရေး အတွက် လူသားတိုင်းအစားအစာလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ စားရေရိက္ခာဖူလုံမှုနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနိုင်ရန်၊ ပြည်တွင်းနှင့် ဒေသတွင်းစားရေရိက္ခာ ဖူလုံမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် စိုက်ပျိုးရေး စားနပ်ရိက္ခာစနစ် အသွင်ကူးပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ထုတ်ဆွေးနွေးနိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment