Monday, October 21, 2024

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဟာ မြန်မာတွေရဲ့ အမျိုးသားရေးအမွေအနှစ်တွေဖြစ်တယ်၊ အမျိုးသားရေးအမွေအနှစ်တွေကို မြတ်နိုးခြင်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းအောင်းလာနိုင်တယ်

 

ဦးအုန်းမောင် () မြင်းမူမောင်နိုင်မိုး

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးအုန်းမောင် () မြင်းမူမောင်နိုင်မိုး

(အကဲဖြတ်အဖွဲ့ခေါင်းဆောင်)

ကွက်စိပ်ပြိုင်ပွဲ

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟာ အခုဆိုရင် ငွေရတုရောက်ရှိခဲ့ပြီ။ တကယ်ဆိုရင် ငွေရတု မကတော့ပါဘူး၊ ၁၉၉၃ ခုနှစ်က စတင်ကျင်းပလာခဲ့တာ။ နှစ်ပေါင်း ၃၀ ကျော်ရှိလာပါပြီ။ သို့သော် အကြောင်းကြောင်းကြောင့် ရပ်နားထားတဲ့ကာလတွေရှိတာဖြစ်လို့ အချိန်အားဖြင့်ကြည့်မယ်ဆိုရင် ငွေရတုပေါ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ အနုပညာအမွေအနှစ်တွေ မပျောက်ပျက် အောင်ထိန်းသိမ်းတဲ့အနေနဲ့ ဒီပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပပေးခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ပဲဝမ်းသာကြည်နူး ပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ မနှစ်ကထက်စာရင် ဇာတ်ညွှန်းရေးတာတို့၊ ပြောကြ၊ ဟောကြတာတို့ ပိုကောင်းလာတယ်။ ဆိုင်းရဲ့ပံ့ပိုးမှုတွေကလည်း အဆင့်အတန်းမြင့်မားပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ တိုင်းပြည်အတွက် အရေးကြီးတဲ့အချက်အချာကျတဲ့ အမွေအနှစ်ဖြစ်ပါတယ်။ ယဉ်ကျေးမှု ပျောက်ရင် ဘာသာ၊ သာသနာပျောက် တတ်ပါတယ်။ ဘာသာသာသနာပျောက်ရင် အမျိုးသားရေးစိတ်ဓာတ်ဆိုတာပျောက်ပြီး မိမိတို့ပိုင်နက်နယ်မြေအမွေ အနှစ်တို့ပါ ထိပါးလာနိုင်တဲ့ အနေအထား ရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဟာ မြန်မာတွေရဲ့ အမျိုးသားရေးအမွေအနှစ်တွေဖြစ်တယ်။ အမျိုးသားရေးအမွေအနှစ်တွေကို မြတ်နိုးခြင်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းအောင်းလာနိုင်တယ်။

မောင်သူရစိုး(တနင်္သာရီတိုင်းဒေသကြီး)

အခြေခံပညာ(၁၅-၂၀) ဆိုင်းတစ်ဦးချင်း

ဒီနေ့ပြိုင်ပွဲမှာ တီးခဲ့ရတာတော့ တစ်ခါမှလည်း မပြိုင်ဖူးသေးတော့ ပျော်လည်းပျော်တယ်၊ ကျေလည်း ကျေနပ်ပါတယ်။ ဆုတစ်ခုခုရမယ်လို့တော့ မျှော်လင့်ပါတယ်။ ပြိုင်ပွဲဝင်ဖို့ ကျောင်းက Grade – 10 တက်နေရတာကြောင့် လေ့ကျင့်ချိန် သိပ်မရခဲ့လိုက်ပါဘူး။ ကျောင်းတက်နေရင်းဆိုတော့ ခက်ခက် ခဲခဲ ကြိုးစားခဲ့ရတယ်။ ဆိုင်းကို ၁၃ နှစ်ကတည်းက စတီးဖြစ်တာပါ။ အဖေက ဆိုင်းဝါသနာတော့ ဆိုင်းထောင်ပေးထားတယ်။ ဆိုင်းပညာကို အဖေတို့ဒိုးပတ်တီးတာ စည်းဝါးလိုက်ရင်းနဲ့ ဝါသနာ ပါလာတာ။ ကျောင်းပြီးတာနဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုက်မှာ ဆိုင်းပညာ သင်ကြားချင်ပါတယ်။ ဆိုင်းတီးချင်တာကကျတော့ ဆိုင်းကပတ်လုံး ၂၁ လုံးပါတယ်၊ အခြားသော တူရိယာတွေထက် ထူးခြားတယ်၊ အဖွဲ့လိုက်လည်း တီးလို့ရတယ်၊ တစ်ကိုယ်တော်လည်း တီးလို့ရတယ်။ အဲဒါကြောင့် ပိုပြီးကြိုက်တာပါ။ ပြိုင်ပွဲမှာ အတွေ့အကြုံတွေလည်းရတယ်၊ ပညာတွေလည်း ရပါတယ်။ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ အနုပညာတွေကို ဆရာတွေကနေ သင်ကြားပေးတယ်၊ ဒါကို ကျွန်တော်တို့ လူငယ်တွေက လက်ဆင့်ကမ်းပြီး ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

မောင်ညီမင်းအောင်

(ရန်ကုန်တိုင်းဒေသကြီး)

အခြေခံပညာ(၁၅-၂၀)ဆိုင်းတစ်ဦးချင်း

ဒီငွေရတုပြိုင်ပွဲမှာ ဆိုင်းတစ်ဦးချင်းနဲ့ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် အဖွဲ့ခေါင်းဆောင်၊ အိုးစည်အဖွဲ့လိုက်မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် (၂၄) ကြိမ်မှာ ပတ္တလားနဲ့ ဆိုင်း တစ်ကိုယ်တော်ပြိုင်ခဲ့ပါတယ်။ (၂၃) ကြိမ်မှာကတော့ အစဆုံးဆိုတော့ ဆိုင်းတစ်ဦးချင်းပဲ ပြိုင်ခဲ့ပါတယ်။ (၂၄) ကြိမ်မှာ ပတ္တလားအတီး ပူးတွဲတတိယရပါတယ်။ ဒီနှစ်ပြိုင်တဲ့ သုံးခုလုံးကတော့ အားရစရာပါပဲ။ ဒီပြိုင်ပွဲပြိုင်ဖို့ကို ရန်ကုန်အထိ ကျောင်းပါပြောင်းတက်ပြီးတော့ မေလ လောက်ကတည်းက ကြိုတင်လေ့ကျင့် ခဲ့တာ။ အသက် ၁၀ နှစ်သားလောက်ကတည်းက ဆရာဆီမှာ ပတ္တလားတီးတာ စသင်တာ။ တီးသမျှတူရိယာထဲမှာ ဆိုင်းတစ်ဦးချင်း တီးတာအကြိုက်ဆုံးပါ။ ကိုယ့် တစ်ယောက်တည်းတီးရတာ အားရတယ်။ ပြိုင်ပွဲမှာ ဘယ်လောက်ပဲပြိုင်ပြိုင် အချိန်တန်ရင် ရင်ကတော့ ခုန်ရတာပါပဲ။ ဆိုင်းတီးနိုင်တဲ့သူဆိုတာ ရှားလာပြီဖြစ်တဲ့ အတွက် မျိုးဆက်သစ်အနေနဲ့ ကိုယ့်ကိုယ် ကိုယ်လုပ်နိုင်တဲ့အတွက် ဂုဏ်ယူတယ်။

မဝေဝေထွန်း (ရန်ကုန်တိုင်းဒေသကြီး)

အတီး၊ မယ်ဒလင်

(ဝါသနာရှင် ဒုတိယတန်း)

မနှစ်ကစပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ခဲ့တာပါ။ မနှစ်ကတော့ အဆင့်မြင့်ပညာတန်းမှာ ရွှေတံဆိပ်ရခဲ့ပါတယ်။ ဒီနှစ်လည်း ရွှေရဖို့ မျှော်မှန်းထားပါတယ်။ ကျွန်မ မယ်ဒလင်စတီးတာ နှစ်နှစ်ကျော်ပဲရှိပါသေးတယ်။ မယ်ဒလင်ရဲ့အားသာချက်က မြန်မာမှုတီးချင်ရင်လည်းရသလို၊ အနောက်တိုင်း ဂီတကိုလည်း ကြိုးပြန်ညှိပြီး တီးလို့ရတဲ့အတွက် သဘောကျပါတယ်။ ဒီနှစ်မှာ ဝါသနာရှင်တန်းမို့လို့ ပြဋ္ဌာန်းငါးပုဒ်အပြင် လက်စွမ်းပြတစ်ပုဒ် လေ့ကျင့်ထားပါတယ်။ လက်စွမ်းပြကိုတော့ ဇော်ခင်းတီးလုံးရွေးချယ်ထားပါတယ်။ ပြိုင်ပွဲကြီး ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ သင်ပြီးတီးတာထက် ပြိုင်ပွဲအတွက် လေ့ကျင့်ရတာ ပိုပြီးပညာတိုးပါတယ်။ ဒီနှစ်မှာ မယ်ဒလင်အပြင် ဆိုင်းအဖွဲ့လိုက်မှာ ကျွန်မက နှဲမှုတ်အနေနဲ့ ပါဝင်ထားပါတယ်။

ဦးပြေဌေး (မန္တလေးတိုင်းဒေသကြီး)

အတီး၊ မယ်ဒလင်

(ဝါသနာရှင် ဒုတိယတန်း)

ကျွန်တော်ရဲ့ ပြိုင်ပွဲသက်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ ငွေရတုသက်တမ်းနဲ့ အတူတူပါပဲ၊ (၂၅) ကြိမ်မှာ (၂၅) ကြိမ်စလုံး တစ်ဦးတည်းသော ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ကလေးဘဝကတည်းက မယ်ဒလင်နဲ့ဖက်ပြီး မွေးလာတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်ဝါသနာကလည်း မယ်ဒလင်ဖြစ်သလို ကျွန်တော့် အသက်မွေးဝမ်းကျောင်းကလည်း မယ်ဒလင်တီးတာပါပဲ။ အခုထိတော့ လိုအပ်ချက်တွေကြောင့်ထင်တယ်၊ ရွှေတံဆိပ်ထက် ငွေတံဆိပ်ဆုတွေနဲ့ အထူးဆုချည်းပဲ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့လို ဂီတချစ်သူတွေ၊ အနုပညာကို ဘဝတစ်ခုလုံး ဖက်တွယ်ထားသူတွေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ချစ်မြတ်နိုး တန်ဖိုးထားသူတွေအတွက် ဒီပြိုင်ပွဲကြီးက ရပ်တန့်လို့မရတဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ကျွန်တော် နှစ်တိုင်းပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူသလို ကျေးဇူးလည်းတင်ပါတယ်။

မယမင်းသူ (ရန်ကုန်တိုင်းဒေသကြီး)

ချင်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲ

ကျွန်မတို့အဖွဲ့က ၁၆ ယောက်ပါ။ အားလုံးကစိတ်လှုပ်ရှားနေကြတာပါ။ ချင်းတိုင်းရင်းသားအက ဖြစ်တဲ့အတွက် ကကွက်တစ်ခုချင်းရဲ့ အဓိပ္ပာယ်ကအစ ကျွန်မတို့ အကဆရာ၊ ဆရာမတွေက လေ့လာခဲ့ပြီး ချင်းလူမျိုးတွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးခဲ့ပြီးမှ စနစ်တကျ သင်ယူခဲ့ကြတာပါ။ ကျွန်မတို့က မြန်မာအကဆိုရင် နီးစပ်ပေမယ့် တိုင်းရင်းသားအကဖြစ်လို့ မာန်ပါပါနဲ့ ကနိုင်အောင် အကြာကြီး လေ့ကျင့်ခဲ့ရတယ်။ အနုပညာအကအလှဆိုရင် အရင်က မြန်မာအကကိုပဲ သိခဲ့ရတာ။ အခုလို ပြိုင်ပွဲကြီးမှာ တိုင်းရင်းသားအကတွေကိုပါ ဖော်ထုတ်ယှဉ်ပြိုင်ပေးတာကို သဘောအကျဆုံး ပါပဲ။ စိတ်ဝင်စားမှုလည်း ပိုမြင့်တက်တယ်၊ ပွဲကြီးကို အများကြီးအထောက် အကူပြုသလို ရိုးရာအကတွေကိုလည်း ဖော်ထုတ်ပြီးသား၊ မှတ်တမ်းတင်ပြီး သား၊ ထိန်းသိမ်းပြီးသား ဖြစ်စေလို့ပါ။ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့အနေနဲ့ စိတ်ဝင်စားစရာကောင်းမယ့် အောက်ချင်းငှက်အကလေးတွေကိုလည်း ထည့်သွင်းထားလို့ ပရိသတ်တွေလည်း သဘောကျလက်ခုပ်တီးကြတော့ ပီတိဖြစ်ရပါတယ်။

မခင်လပြည့် (ရခိုင်ပြည်နယ်)

ချင်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲ

အကပြိုင်ပွဲပါဝင်ရမယ်ဆိုကတည်းက စံခွေကိုလည်း သေသေချာချာလေ့လာပြီး အကစတင်တိုက်ခဲ့ပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်အဖွဲ့မှာ အမျိုးသား၊ အမျိုးသမီး ၁၈ ဦး ပါဝင်ပါတယ်။ ဗီဒီယိုနဲ့အနီးစပ်ဆုံးတူအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ထားပါတယ်။ စံခွေအတိုင်း အပြောင်းအလဲဘာမှမလုပ်ဘဲ အတိအကျလေ့ကျင့်ထားသလို ဖျော်ဖြေတဲ့နေရာမှာ ဆန်းသစ်အောင် လူနေရာစဉ်တာမျိုးတွေနဲ့ သွက်သွက်လက်လက်နဲ့ နေရာအလှည့်အပြောင်းတွေကို ကကွက် တွေနဲ့ ပေါင်းစပ်လုပ်ဆောင်ထားပါတယ်။

မအေးဖြိုးသက်ခိုင်ပြည့်

(လာရောက်ကြည့်ရှုသူ)

ကျွန်မက အမျိုးသားအားကစားပွဲတော်ကြီးအတွက် နေပြည်တော်ကိုယ်စားပြု ခရစ်ကတ်အားကစားနဲ့ စခန်းသွင်းလေ့ကျင့်နေသူ ဖြစ်ပါတယ်။ လယ်ဝေးမှာ ကန့်ဝင်နေတာ နှစ်ပတ် ကျော်ပါပြီ။ အခု စခန်းသွင်းအားကစားသမားတွေနဲ့ အတူတူလာရောက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို လာအားပေးတာဖြစ်ပါတယ်။ ဒီလို ခမ်းခမ်းနားနား ကျင်းပနေတာမြင်ရတော့ ဝမ်းသာမိပါတယ်။ အနုပညာကလူတွေရဲ့စိတ်ကို နူးညံ့စေသလို ကျွန်မတို့လို အားကစားသမားတွေအတွက် ခွန်အားလည်း ဖြစ်စေပါတယ်။ ဒီနေ့မှာတော့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲနဲ့ ချင်းတိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ၊ မယ်ဒလင်အတီးပြိုင်ပွဲတွေကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။

တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဇင်ဦး၊ နွဲ့မွန်၊ ဓာတ်ပုံ- တင်စိုး၊ ဟိန်းထက်ဇော်

No comments:

Post a Comment