နေပြည်တော် အောက်တိုဘာ ၁၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊
ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊
လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄
ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့်
ဆုံးဖြတ်ချက်များချမှတ်ခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့်
အေဂျင်စီများ ချိတ် ဆက်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ လုပ်ငန်းကော်မတီ၏
(၂/၂၀၂၄) ကျင်းပရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့်
စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့်
စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း
တိုးတက်လာစေရန်နှင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်ရေး၊ စားသောက်ကုန်များကိုသာမက အခြားလူသုံးကုန်ပစ္စည်းများကိုလည်း
အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပမှ တင်သွင်းနေရမှုများကို
လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားနိုင်ရေး၊
အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို အာရုံစိုက်ပြီး စိုက်ပျိုးမှုမှသည် အဆင့်မီ
အထည်အလိပ်ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုး ကွင်းဆက်တစ်ခုလုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ရေး၊
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးစသည်တို့ကို
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးနိုင်ရန်၊
လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊
ဒေသဆိုင်ရာအေဂျင်စီများက တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်
တိုင်းပြည်၏ အဓိကမောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးတွင် MSME သည်
အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမှ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊
ဒေသအလိုက် MSME စီးပွားရေးလုပ်ငန်း၏ GDP ပါဝင်နှုန်းကို ကြည့်မည်ဆိုပါက အရှေ့တောင်အာရှနိုင်ငံများတွင်
ပျမ်းမျှ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းကြား၊ အာဆီယံနိုင်ငံများ၏ ၃၉ ရာခိုင်နှုန်းနှင့်
OECD နိုင်ငံများတွင် ၄၁ ဒသမ ၅၈ ရာခိုင်နှုန်းပါဝင်ပြီး အလုပ်အကိုင်ရှာဖွေဖော်ထုတ်ပေးနိုင်မှုအနေဖြင့်
အရှေ့တောင်အာရှနိုင်ငံများ၌ ၆၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများ၌ ၇၂ ဒသမ ၃
ရာခိုင်နှုန်းနှင့် OECD နိုင်ငံ၌ ၆၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်များအရ
သိရှိရကြောင်း။
မိမိတို့နိုင်ငံတွင်လည်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့်
“ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”၊ အမျိုးသားရေးရည်မှန်းချက်
(၂) ရပ်ဖြစ်သည့် “ တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး” တို့ကို
နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အကောင်အထည်ဖော်လျက်ရှိပြီး
အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို စီးပွားရေးဦးတည်ချက် (၃) ချက်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊
ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
ပြည်တွင်းထုတ်ကုန်အားပေးရေး၊ သွင်းကုန်အစားထိုး ရေးနှင့် ပို့ကုန်ရရှိရေးဆိုသည့် အချက်
(၃) ချက်ဖြင့် ရည်ရွယ်ပြီး MSME အားပေးမြှင့် တင်ရေးအစီအစဉ်များ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွင်
နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ခန့်မှန်းပါဝင်လျက်ရှိနေသေးသဖြင့်
GDP ပါဝင်မှုအချိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် MSME လုပ်ငန်းများကို
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ MSME အေဂျင်စီများက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ
ဝန်ကြီးချုပ်များ၏ အနီးကပ် ဦးဆောင်လမ်းညွှန်မှုဖြင့် စုပေါင်းဆွေးနွေးပြီး နည်းလမ်းများဖော်ထုတ်၍
မိမိတို့၏ OROP မှတစ်ဆင့် MSME စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်နေကြရမည်ဖြစ်ကြောင်း။
MSME စီးပွားရေးလုပ်ငန်းအပါအဝင်
မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆို အခြေခံလိုအပ်ချက်မှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊
ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့်
MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်ရမည့် အထူးစီးပွားရေးဇုန်များ၊ ပြည်တွင်းစက်မှုဇုန်များအတွက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ (၂၀၂၄)
နှင့် နည်းဥပဒေ (၂၀၁၅) တို့နှင့် စက်မှုဝန်ကြီးဌာန စက်မှုဇုန်နည်းဥပဒေများ (၂၀၂၃) တို့ကို
ထုတ်ပြန်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဥပဒေ၊ နည်းဥပဒေများပါ
အချက်အလက်များသည် မြေနေရာ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရှာဖွေရရှိမှုတို့အတွက် များစွာအထောက်အကူပြုစေမည့်
လမ်းညွှန်ချက်များ၊ နည်းပညာရရှိရေးနှင့် သင်ယူလေ့လာနိုင်ရန် ကျွမ်းကျင်လုပ်သားများ၊
အခြေခံလုပ်သားများ လိုအပ်ချက်ရရှိရေး ဆောင်ရွက်နိုင်မည့် နည်းလမ်း များပါရှိပြီး ယင်းနည်းလမ်းများရရှိနိုင်ရေး
လမ်းညွှန်မှုပေးမည့် ဌာနဆိုင်ရာများကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ
လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
အေဂျင်စီများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းလိုကြောင်း။
ယနေ့အထိ နိုင်ငံတစ်ဝှမ်း
MSME များကို အားဖြည့်ပေးနေသည့် စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုဇုန်၊ စက်မှုရပ်ကွက်များ
တည်ရှိမှုကို ကြည့်မည်ဆိုပါက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ (၁၀၂) ခု၊ ပုဂ္ဂလိကပိုင်
စက်ရုံ၊ အလုပ်ရုံ (၄၇၁၁၉) ခု၊ စက်မှုဇုန်၊ စက်မှုရပ်ကွက် (၃၃) ခု၊ အထူးစီးပွားရေးဇုန်
(၃)ခု အပါအဝင် ရေနက်ဆိပ်ကမ်း (၂) ခု လျာထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊
နည်းပညာနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က KG+9 အောင်မြင်ပြီးသူများကို
Vocational Training ပေးပြီး အခြေခံလုပ်သားဘဝမှ ကျွမ်းကျင်လုပ်သားဖြစ်စေရေး၊ သာမန်
အတန်းပညာတတ်မြောက်သူနှင့် လုံးဝစာမတတ်မြောက်သူများကိုလည်း လက်တွေ့ နယ်ပယ်အလိုက် အသုံးပြုကြရမည့်
အခြေခံလုပ်သား၊ ကျွမ်းကျင်လုပ်သားများဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးရမည်ကို လမ်းညွှန်မှာကြားထားကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာန (၁၀) ခုမှ ကာလတို၊ ကာလရှည်သင်တန်း (၂၆၀) ခုရှိရာ ၂၀၂၂ ခုနှစ်
ဇန်နဝါရီလမှ ယနေ့အထိ သင်တန်းအမျိုးအစားပေါင်း (၃၈၇) ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်လှစ်ပြီး
အကြိမ်အရေ (၅၅၁၂) ကြိမ်၊ တက်ရောက်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၁၁၇၁၁၈)
ဦး၊ တက်ရောက်ဆဲ သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၈၇၅) ဦး ရှိပြီဖြစ်ကြောင်း၊
ယင်းသင်တန်းများကို အနာဂတ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး စဉ်ဆက်မပြတ်
ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်သကဲ့သို့ စက်မှုဝန်ကြီးဌာန၏ Website တွင်လည်း MSME ခေါင်းစဉ်
Link ဖြင့် ဝန်ကြီးဌာနများမှ MSME စီးပွားရေးလုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးနိုင်သော
သင်တန်းများကို အခမဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း။
MSME စီးပွားရေးလုပ်ငန်းများလျင်မြန်စွာ
အောင်မြင်ဖြစ်ထွန်းလာစေရေး အားပေးမြှင့်တင်မှု မူဘောင်နှင့် စပ်လျဉ်း၍ MSME စီးပွားရေးလုပ်ငန်းများ
လျင်မြင်စွာ အောင်မြင်ဖြစ်ထွန်းလာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ကိုယ်စား
ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီ၏ ယန္တရားသည် မြန်ဆန်မှန်ကန်သော အုပ်ချုပ်မှုပုံစံ
(Efficient Governance) ဖြစ်ရန်လိုအပ်ပြီး မြန်ဆန်မှန်ကန်သော အုပ်ချုပ်မှုပုံစံ
(E.G) က လက်တွေ့နယ်ပယ်လိုအပ်ချက်များကို အခြေခံပြီး စနစ်တကျရွေးချယ် အထောက်အကူပြုဆောင်ရွက်ပေးခြင်း(Selective
Intervention) နှင့် ဈေးကွက် တုံ့ပြန်မှုနှင့် လုပ်ငန်းဖော်ဆောင်မှု အခက်အခဲများကို
ဖြေရှင်းပေးနိုင်ရန်အတွက် ပြောင်းလွယ်ပြင်လွယ်ရှိသည့် ဝန်ဆောင်မှုပေးခြင်း
(Adaptive Service Provision) စသည့် စံနှုန်းသတ်မှတ်ချက်ထားရှိ၍ MSME လုပ်ငန်းကို အထောက်အကူပြု
ပေးရ မည်ဖြစ်ကြောင်း။
လုပ်ငန်းကော်မတီအနေဖြင့်
Agency အလိုက် ဘက်စုံကဏ္ဍစုံ ဖြည့်ဆည်းပေးရန် ယေဘုယျမှန်ကန်သော်လည်း လူသားအရင်းအမြစ်နှင့်
ငွေကြေးအပါအဝင် သွင်းအားစုများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အဓိကသွင်းအားစုများကို
မှန်ကန်သော နေရာများတွင် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လိုအပ်ကြောင်း၊
ယင်းလိုအပ်ချက်ကိုလည်း ပြည်တွင်းပြည်ပ ဈေးကွက်သုတေသနများ MSME လုပ်ငန်းများအလိုက် စစ်တမ်းများကို
စနစ်တကျ အသုံးချပြီး လုပ်ငန်းမြှင့်တင်ရန်ကိစ္စ၊ ဝန်ဆောင်မှုပေးရန်ကိစ္စနှင့် လိုအပ်ချက်အရ
လမ်းညွှန်တည့်မတ်ပေးရန်စသည့် ယန္တရားများကို Agency များက မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊
ပြောင်းလွယ်ပြင်လွယ်ရှိသည့် ဝန်ဆောင်မှုပေးနိုင်ရေး အတွက် စီးပွားရေးကဏ္ဍ၏ အခြေအနေအရပ်ရပ်သည်
အမြဲတစေ အပြောင်းအလဲမြန်ဆန်ပြီး ကြိုတင်ခန့်မှန်းရန်ခက်ခဲခြင်း၊ နေရာဒေသနှင့် အချိန်ကာလာပေါ်မူတည်ပြီး
ပြောင်းလဲနိုင်ခြင်းတို့ကြောင့် Agency များကလည်း ပြောင်းလဲဖြစ်ပေါ်တတ်သည့် ဈေးကွက်တုံ့ပြန်မှုအရ
အလားအလာရှိသောလုပ်ငန်းများ၌ ကြုံတွေ့ရသည့် အခက်အခဲများကို လိုအပ်သလို ပြောင်းလွယ်ပြင်လွယ်
ကူညီလမ်းညွှန်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
Selective
Intervention & Adaptive Service Provision လိုအပ်ချက်မှာ သတင်းအချက်အလက်များ မှန်မှန်ကန်ကန်
မြန်မြန်ဆန်ဆန် ရယူအသုံးပြုနိုင်ခြင်းကလည်း အရေးကြီးပြီး ရနိုင်သည့် သတင်းအချက်အလက်များအား
လုပ်ငန်းကော်မတီယန္တရားမှ ဖွဲ့စည်းပေးထားသည့် စစ်တမ်းကောက်ယူခြင်းနှင့် သုတေသနပြုလုပ်သည့်
လုပ်ငန်းခွဲနှင့် စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းခွဲများကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း၊
အဆိုပါလုပ်ငန်းခွဲများ၏ အရည်အချင်း နှင့် လုပ်နိုင်စွမ်းအားကို လိုအပ်ချက်များနှင့်အညီ
ကိုက်ညီအောင် လေ့ကျင့်သင်ကြားမှုများဖြင့် စနစ်တကျ မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။
လေ့ကျင့်သင်ကြားမှုတွင်
မိမိတို့ယန္တရား၏ လိုအပ်ချက်အရ လေ့ကျင့်ပေးရမည့် မွမ်းမံသင်တန်းများ ရှိသကဲ့သို့
MSME လုပ်ငန်းများ လက်တွေ့လုပ်ကိုင်နေသော စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများမှ
အခြေခံနှင့် ကျွမ်းကျင်လုပ်သားများတွင် လိုအပ်သည့် လုပ်ငန်းနှင့်ကိုက်ညီမည့် သင်တန်းများကိုလည်း
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
ထို့ပြင် ယခင်လုပ်ငန်းကော်မတီ
အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်ထောင်စုအဆင့်
MSME MEs အားပေးမြှင့်တင်ရေး အစီအစဉ်ရေးဆွဲထားရှိရန်လိုအပ်ပြီး OROP ပတ်သက်၍ အမြဲလေ့လာ
သုံးသပ်နေရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ
နေပြည်တော်တွင် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ” ကျင်းပပြုလုပ်နိုင်ရေးအတွက်
လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်
အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးပေးစေလိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်
နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီ၊
လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊
ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့်
ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကာ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများအားလုံးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်
အဓိကအခန်းကဏ္ဍမှပါဝင်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီချိတ်ဆက်ဆောင်ရွက်ပေးရမည့်အချက်များကို
လက်တွေ့ကျကျ ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄)
အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့
တင်ပြမည့်အမှာစာများကို လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က
ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာချာလီသန်းတို့က နိုင်ငံတော်ဝန်ကြီးချုပ်၏
လမ်းညွှန်ချက်ဖြစ်သည့် ဝါ၊ချည်ထည်နှင့် ဆီထွက်သီးနှံလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒများ
ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒနှင့်အညီ
ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ၊ ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊
စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များနှင့် OROP လုပ်ငန်းများနှင့်
စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်
ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှပညာရှင်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်
လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့်
ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပကုန်စည်ပြပွဲများတွင် MSMEs ထုတ်ကုန်များ ပါဝင်ပြသခဲ့မှု၊
သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ
အားပေးဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊
မူဘောင်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းဆွေးနွေးတင်ပြချက်များကို
ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment