Tuesday, October 1, 2024

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပသည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် () ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် () ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်၏ “Low-Carbon Energy: The Foundation of a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာဗွန်နည်းသော အရင်းအမြစ်များဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင် (ရေအား၊ လေအား၊ နေရောင်ခြည်) ကို နိုင်ငံတော်ဓာတ်အားစနစ် (National Grid) နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရေအား လျှပ်စစ်၊ လေစွမ်းအင်အရင်းအမြစ်ရရှိနိုင်သည့်နေရာများတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ဆောင်ရွက်လျက်ရှိရာ ကုန်းတွင်းစီမံကိန်းနေရာ ၂၈ ခုနှင့် ကမ်းလွန်စီမံကိန်းနေရာ နှစ်ခုရှိကြောင်း၊ လေအားစွမ်းအင်သုံး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ Energy Storage System နှင့်ပေါင်းစပ်ပြီး ဓာတ်အားစနစ်သို့ပို့လွှတ်ခြင်းဖြင့် တည်ငြိမ်သည့် ဓာတ်အားပေးစနစ်ရရှိရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို တည်တည်ငြိမ်ငြိမ်ဖြင့် ကာလကြာရှည်စွာ၊ ယုံကြည်စိတ်ချစွာ ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာနိုင်ငံတွင် ကာဗွန်ထုတ်လုပ်မှု အနည်းဆုံးစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် UNFCCC ၏ ဆုံးဖြတ်ချက်နှင့်အညီ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Contribution - NDC) ပါ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက် ဆိုက်တန် ၁၀၅ သန်းကျော် လျှော့ချရေးကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ဖိုရမ်၏ပင်မအစီအစဉ်ဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် အီကွေတိုရီရယ်ဂီနီသမ္မတနိုင်ငံ သမ္မတတီယိုဒိုရို အိုဘင်ရာနဂွင်းမာ အမ်ဘားဆိုဂို (Teodoro Obiang Nguema Mbasogo)တို့က ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ်ဆွေးနွေးခဲ့ကြသည့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rosatom ၏ အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် အဖွဲ့အားတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကိုဆွေးနွေးပြီး ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဖြစ်သည့် Rosatom Renewable Energy ကုမ္ပဏီ၊ Rosatom Smart Utilities ကုမ္ပဏီ၊ Rosatom Energy Projects ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး လေအားလျှပ်စစ်စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရေအားလျှပ်စစ်စက်ရုံများ မွမ်းမံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် နျူကလီးယားနည်းပညာ ဖြစ်ပေါ်တိုးတက်မှု သမိုင်းပြတိုက် Atom Pavilion သို့ သွားရောက်လေ့လာပြီး လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment