ပုသိမ် အောက်တိုဘာ ၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းစစ်၊ စာရင်း ကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့်လည်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်( ၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု( ၁၉၂၀) အုပ်စုရှိ အိမ်ထောင် စုကောက်ကွက်ပေါင်း (၁၄၂၉၆) ကွက် တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက် (၄၃၂၈) ဦး စုစုပေါင်း(၅၄၇၈) ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများ ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊
ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊
ဆရာမများမှ Tabletများဖြင့် တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများ၊ သန်းခေါင် စာရင်းကောက်ယူရာတွင် စာရင်းကောက်များနှင့် တိုင်းရင်းသားပြည်သူများကြား
ဘာသာစကားအခက်အခဲမရှိစေရေးနှင့် အဆင်ပြေစွာ ကောက်ယူနိုင်ရေးအတွက်
အထောက်အကူပြုအဖွဲများမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများမှ သန်းခေါင်စာရင်းဆိုင်ရာအချက်(၆၈)ချက်အား
စိတ်ပါဝင်စားစွာ ဖြေကြားနေမှု များကိုကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များ မှန်ကန်စွာရေးသွင်းစေရေး၊
ပြည်သူများ ကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေးနှင့်
သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးမှာကြားခဲ့သည်။ ယင်းနောက် မြို့ဟောင်းကျေးရွာ
ရွှေစည်းခုံကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊
ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများကို တင်ပြလျှောက်ထားခဲ့ပြီး
လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များကလူဦးရေနှင့် အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏
စိုက်ဧက(၃) ဧက တွင် ရက်(၉၀)စပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနှုတ်ပယ်ခြင်းအခမ်းအနားသို့
တက်ရောက်အားပေးခဲ့ပြီး မျိုးကွဲနှုတ်ပယ်မှုအခြေအနေများ၊ အထွက်တိုးမျိုးစပါးများ စိုက်ပျိုးထုတ်နိုင်မှုအခြေအနေများ၊
သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုမှု အခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး
အလုပ်သမားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်များ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး
စာရင်းကောက်ယူမှုအခြေအနေများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာပြန်လည်ဖြေကြားနေမှုများ
ဆွေးနွေးမေးမြန်းခဲ့ပြီးအချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေးနှင့် သတ်မှတ်
ကာလအတွင်းအချိန်မီပြီးစီးစေရေးမှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)






No comments:
Post a Comment