Tuesday, October 15, 2024

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၁၄

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အတည်ပြုပေးနိုင်ရေးဆောင်ရွက်

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်မြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ခွင့်ပြုပါရန် စိစစ်၍ ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်း ချက်များအရလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြု လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအရလည်းကောင်း၊ ကိုက်ညီမှန်ကန်မှု ရှိ/မရှိ စိစစ်ပြီး ကိုက်ညီမှန်ကန်မှုရှိပါက အတည်ပြုပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်၍ ယခုအစည်းအဝေးတွင် တင်ပြမည့် နိုင်ငံ တစ်ဝန်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်တင်ပြလာသည့်ကိစ္စရပ်များ၊ အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ဌာနဆိုင်ရာ လုပ်ငန်းရှုထောင့်များက ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြ ရန်ဖြစ်ပြီး အချို့သော လုပ်ငန်းရပ်များကို ခွင့်ပြုသင့်သည်၊ ခွင့်မပြုသင့်သည်၊ မည်သည့်လုပ်ငန်းကို ပြန်လည်စိစစ်သင့်သည်ကို ဆွေးနွေးအကြံပြုပေးကြရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် စာတွဲများကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအပေါ် အသေးစိတ်ဆွေးနွေး ဆောင်ရွက်ကြသည်။

ယခုကျင်းပသည့် (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ် ၂၈ ခုနှင့်ပတ်သက်၍ လယ်ယာ မြေလုပ်ပိုင်ခွင့်ရရှိထားသူ တောင်သူလယ်သမားများနှင့် မြေယာပိုင်ဆိုင်သူများ နစ်နာမှုမရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အလျင်အမြန် ပေးလျော်စေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ များ ဆုံးရှုံးမှုမရှိစေရေး ဆွေးနွေးခဲ့ကြသည်။

မြေပြင်အခြေအနေများ မှန်ကန်စွာ သုံးသပ်ဆောင်ရွက်

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိစေဘဲ မြေပြင်အခြေအနေများ မှန်ကန်စွာ သုံးသပ်ဆောင်ရွက်နိုင်ရေး၊ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ထားသည့် ဧရိယာ များနှင့် ရေမြေအနေအထားကောင်းမွန်ပြီး စပါးစိုက်ပျိုးဖြစ်ထွန်းသည့်မြေများ မလျော့ပါးစေရေး၊ ဆည်ရေသောက်ဧရိယာအတွင်းဖြစ်ပါက ဆည်ရေပေးဝေနိုင်မှုကို ထိခိုက်နိုင်မှုမရှိစေရေးတို့ကိုစိစစ် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များအရ အခြားနည်းအသုံးပြုရန် ယခင်က ခွင့်ပြုပြီးသည့်မြေကို ဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment