နေပြည်တော် အောက်တိုဘာ ၃
(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် (၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ASOD-မြန်မာသဘာပတိဖြစ်သူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးယာယီရဲမှူးချုပ် သန့်လွင်မောင်က (၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ သဘာပတိဖြစ်သူ ASOD - ဖိလစ်ပိုင်ထံသို့ သဘာပတိတာဝန်များ လွှဲပြောင်းပေးအပ်ပြီး ASOD - ဖိလစ်ပိုင် သဘာပတိက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစည်းအဝေးတွင် ASOD-မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံဒေသကို မူးယစ်ဆေးဝါးပြဿနာမှ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်လိုအပ်ကြောင်း၊ ASOD - မြန်မာ၏ သဘာပတိတာဝန်ယူဆောင်ရွက်ခဲ့သည့် အချိန်ကာလများအတွင်း ASOD ၏ လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီခဲ့ကြသော အာဆီယံအတွင်းရေးမှူးရုံးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ASOD ခေါင်းဆောင်များဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံး၊ AFP၊ UNODC နှင့် ကိုလံဘိုစီမံကိန်း မူးယစ်ဆေးဝါး အကြံပေးအစီအစဉ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားရေးဆိုင်ရာ တရားမဝင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းချက်များနှင့်ပတ်သက်၍ သဘောထားအမြင်များ ဖလှယ်ခြင်း၊ ယခင် အစည်းအဝေးများအပေါ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေများ၊ အာဆီယံ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) နှင့်ပတ်သက်၍ အပြီးသတ်သုံးသပ်မှု အခြေအနေများ၊ အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ၎င်း၏လုပ်ငန်းခွဲများအတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ (၆၇) ကြိမ်မြောက် CND ၏ ရလဒ်များနှင့် CND ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကဏ္ဍတွင် အာဆီယံ ပူးတွဲကြေညာချက် ထုတ်ပြန်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကိစ္စရပ်များ၊ (၄၆) ကြိမ်မြောက် ASOD အစည်းအဝေးကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အောက်တိုဘာ ၂ ရက်တွင် (၄၅) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းအဖွဲ့ငါးဖွဲ့ဖြစ်သော ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့၊ သုတေသနလုပ်ငန်းအဖွဲ့နှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကို ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်သူလူထုကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင်ရွက်နေမှုများ၊ ဆေးစွဲလူနာများ ကုသပေးမှုအခြေအနေများနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်နေမှုများ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း၊ ဒေသပြင်ပမူးယစ်ဆေးဝါးအခြေအနေများနှင့် ပရီကာဆာဓာတုပစ္စည်းထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပိုမိုကြီးထွားလာသည့် လူလုပ်မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းနှင့် (၄၅) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment