နေပြည်တော် စက်တင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေဆင်းနှင့် ပေါင်းလောင်းရေလှောင်တမံများ၊ ပင်လောင်းလမ်းဆုံနေရာ၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများသို့ သွားရောက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေမှုကို ထိန်းသိမ်းစီမံဆောင်ရွက်နေမှု၊ တမံများ၏ကြံ့ခိုင်မှုအခြေအနေ စောင့်ကြည့်စီမံနေမှုနှင့် ချောင်းများ၏ ရေစီးဆင်းမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဧရိယာအတွင်းနှင့် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများရှိနိုင်ပါက ကြိုတင်အသိပေး ကြေညာမှုများဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ကန်ရေပြည့်အမှတ်သို့ရောက်ရှိ
ယနေ့နံနက်
၆ နာရီ ရေမှတ်တိုင်းတာမှုများအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေလှောင်တမံများအနက်
ပေါင်းလောင်းရေလှောင်တမံတစ်ခုသာ ရေပိုလွှဲမှ ၆ ဒသမ ၀၆ ပေ ရေကျော်စီးဆင်းနေပြီး
အဓိကရေလှောင်တမံများဖြစ်သော ဆင်သေရေလှောင် တမံတွင် ၁၉ ပေခန့်၊
ချောင်းမငယ်ရေလှောင်တမံတွင် ငါးပေခန့်၊ မဒန်းရေလှောင်တမံတွင် ၁၁ ပေခန့်၊
ရေဆင်းရေလှောင်တမံတွင် ရှစ်ပေခန့်ရှိကာ ကန်ရေ ပြည့်အမှတ်သို့ရောက်ရှိရန် လိုအပ်နေပြီး
ငလိုက်တမံတွင် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက
ယခုရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ
စီးဝင်လာနိုင်ခြင်းတို့ကြောင့် ရေလှောင်ပမာဏသေးငယ်သော တမံငယ်များတွင် ရုတ်တရက်ရေအလုံးအရင်းဖြင့်
ဝင်ရောက်မှုများဖြစ်လာနိုင်သဖြင့် တာဝန်ရှိသူများက အနီးကပ်စဉ်ဆက်မပြတ်
စောင့်ကြည့်စီမံမှုများဆောင်ရွက်ရန်နှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုကို
အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့တင်ပြရန် မှာကြားသည်။
အလားတူ
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တည်ရှိနေသော
ရမည်းသင်းခရိုင်ရှိ ကျီးနီကန်နှင့် ကတင်ကန်တို့၏ ရေဝင်ရောက်မှုများ၊
မိတ္ထီလာခရိုင်အတွင်းရှိ ဆည်ကန်များ၏ ရေဝင်ရောက်မှုများ၊ ဆည်ကန်များတွင် ထိန်းသိမ်းစီမံဆောင်ရွက်နေမှုများကို
ကွင်းဆင်းစစ်ဆေးပြီး ဆည်တမံများအလိုက်၊ တူးမြောင်းများအလိုက် တာဝန်ရှိသူအဆင့်ဆင့်ကို
စောင့်ကြည့်တာဝန်ပေးအပ်ထားသည်။
လတ်တလောဖြစ်ပေါ်နေသည့်
လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင်
ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့်
သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်စီမံမှုများ
ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှုအခြေအနေများ ဖြစ်ပေါ်နိုင်သည့် ဒေသများ၌
ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးကြေညာခြင်း၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment