Monday, September 30, 2024

စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရေး တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံ

 


ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရုတ်တရက်ရေကြီးရေလျှံဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင် အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပရာ စုစုပေါင်းအလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင်လည်း အလှူငွေစုစုပေါင်း ကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ရာ စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဓါထက်သန်မှုမှာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာသာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။

အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာ “ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အလားတူဆောင်ရွက်ပေးနိုင်ရေး စဉ်းစားပေးကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရေကြီးရေလျှံမှုဘေးဒဏ်ခံစားခဲ့ရသည့် ဒေသအများစုမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး တစ်ပိုင်တစ်နိုင်မွေးမြူရေးနှင့် စီးပွားဖြစ်မွေးမြူရေးအချို့လည်း ရှိကြသည်။ စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ ကြက်သွန်၊ ငရုတ်၊ ဖရဲ၊ သခွားမွှေး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ ထုပ်၊ မုန်လာ စသည်ဖြင့် စားသုံးသီးနှံ၊ ဆီထွက်သီးနှံ၊ မီးဖိုချောင်သုံးသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးများဖြစ်သည်။ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည်တို့ကိုလည်း စိုက်ပျိုးရေးနှင့်အတူ တွဲဖက်မွေးမြူကြပြီး မွေးမြူရေးခြံအချို့လည်းရှိသည်။ နာရီပေါင်းများစွာ မိုးရေချိန်လက်မများစွာရွာသွန်းပြီး တောင်ကျရေများ ဒလဟောထိုးဆင်းကာ ရုတ်တရက်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် ရေနှင့်အတူပါလာသည့် သစ်ပင်၊ သစ်ကိုင်း၊ သစ်တုံးများ၊ ရွှံ့ညွန်အနည်အနှစ်များ တိုက်စားဖုံးလွှမ်းမှုတို့ကြောင့် စပါးစိုက်ဧကပေါင်း ခုနစ်သိန်းရှစ်သောင်းကျော်၊ တိရစ္ဆာန်သေဆုံးမှုပေါင်း တစ်သိန်းရှစ်သောင်းခန့်ရှိခဲ့သည်။ ရေဘေးဒဏ်ခံခဲ့ရသည့် စိုက်ပျိုးမွေးမြူတောင်သူတို့အဖို့ လယ်ယာကျွဲနွားအိမ်ရာပစ္စည်းဥစ္စာ ဆုံးရှုံးမှုများအပြင် မိသားစုဝင်များ ဆုံးရှုံးရသူများလည်း ရှိနေရာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်မှာ အခက်အခဲများစွာ ရှိနေမည်ဖြစ်သည်။

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်သည် ဧရိယာကျယ်ပြန့်များပြားပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည်နှင့်အညီ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ကိုင်ရမည့် လုပ်ငန်းနယ်ပယ်ကျယ်ပြန့်များပြားလှသည်။ စိုက်ပျိုးရေးအဓိကဖြစ်သော မိမိတို့နိုင်ငံအဖို့ ထိခိုက်ပျက်စီးခဲ့ရသော စိုက်ပျိုးမြေများနှင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူတို့ကို အလျင်အမြန်ပြန်လည်နာလန်ထူလာစေရန် လိုအပ်သမျှကို အဘက်ဘက်မှ အားဖြည့်ကူညီပေးမှသာလျှင် နိုင်ငံ့စီးပွားလျော့နည်းကျဆင်းမှုအပေါ် ကုစားနိုင်မည်ဖြစ်သည်။ ပျက်စီးသွားသည့် လယ်မြေယာမြေများ အလျင်အမြန် ပြန်လည်ပြုပြင်‌ရေး၊ သီးနှံမျိုးစေ့ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးရေများ အချိန်မီရရှိရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံ၍ ပြည်တွင်း ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ရေဘေးသင့်တောင်သူများ၊ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းကြစေရေး စဉ်းစားဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment