ပုသိမ် စက်တင်ဘာ ၂၅
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လနှင့် ဩဂုတ်လများတွင်
မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများ
ရေကြီးနစ်မြုပ်ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ ထို့ကဲ့သို့ ရေကြီးနစ်မြုပ် စိုက်ဧကများအား
ပြန်လည်ကုစား စိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ
ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့အပြင်
ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့် မျိုးစပါးများအား တောင်သူများကို
ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ် ပျက်စီးစိုက်ဧကများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိပါက
တိုင်းဒေသကြီး၏ စိုက်ဧကများ လျော့နည်း၍ စပါးအထွက်နှုန်းများ လျော့ကျမည်ဖြစ်သောကြောင့်
မိုးစပါးစိုက်ရာသီအမီ အချိန်မီကုစား ပြန်လည်စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများ
ပြည့်မီစေရေးနှင့် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့်
ယခုကဲ့သို့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအား ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်
ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းအတွက်လည်း
ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက၂၀၂၄-၂၀၂၅
ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးနှင့် မိုးသီးနှံများ ထိခိုက်၊ ပျက်စီး၊
ပြန်လည်စိုက်ပျိုးထားရှိမှု အားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက
ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး
ဝယ်ယူကြိတ်ခွဲ တင်ပို့သူများမှ မျိုးစပါးများ ပေးအပ်လှူဒါန်းမှု အခြေအနေအားလည်းကောင်း
ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများ
ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဝယ်ယူကြိတ်ခွဲတင်ပို့သူများမှ မျိုးစပါးများ ပေးအပ်လှူဒါန်းရာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ရေကြီးနစ်မြုပ်မှုကြောင့်
ထိခိုက်ပျက်စီးသွားသည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊
သွင်းအားစုအစုအဖွဲ့များမှ ပထမအကြိမ်အဖြစ် ရက်(၉၀)မျိုးစပါးနှင့် သီးထပ်ရင်မျိုးစပါး
စုစုပေါင်း တင်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


No comments:
Post a Comment