နေပြည်တော် စက်တင်ဘာ ၁၁
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် ၈ ရက်နေ့တွင် နေရာကျဲကျဲ၊ ၉ ရက်နေ့တွင် နေရာစိပ်စိပ်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယနေ့တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မအထိ ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများ အဆက်မပြတ်မြင့်တက်လျက်ရှိသည်။
ထိုသို့
မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ်တွင်
ယနေ့နံနက်ပိုင်းမှ စတင်၍ ရေများမြင့်တက်လာခဲ့မှုကြောင့် ဘုရင့်နောင်ရပ်ကွက်၊
အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊
တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း
အချို့နေရာများတွင် ရေကျော်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
အလားတူ
ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့်
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင်
ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခြင်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် ရေကျော်မှုများ
ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။ အဆိုပါ
ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူနှင့် တိရိစ္ဆာန်များ
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ မြို့နယ်၊
ရပ်ကွက်များနှင့် ကျေးရွာများအလိုက် တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို
အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ ရေကျော်မှုဖြစ်ပွားခဲ့သည်။
အဆိုပါကားလမ်းရေကျော်နေမှုကြောင့် ယာဉ်များပုံမှန်သွားလာနိုင်ရေး၊
ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက်
ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ထို့အတူ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇) ရက်နေ့မှ စတင်ပြီး
မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကဒတ်ချောင်းရေမြင့်တက်လာကာ
ကျိုက်ထိုမြို့၊ ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့
ရေများဝင်ရောက်ခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း
သိရသည်။
ထို့အပြင်
ပျော်ဘွယ်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊
ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပျော်ဘွယ်မြို့၏ တောင်ဘက်
၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်း
မိုင်တိုင်အမှတ် (၂၈၅/၅ နှင့် ၂၈၅/၉) အကြား၊ အမှတ်(၁)သံလမ်းပေါ်ရှိ သံဘောင်တံတားထောက်တိုင်မှာ
ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို
ယာယီရပ်နားထားကြောင်း၊ မီးရထားများပုံမှန်ပြေးဆွဲနိုင်ရန် အတွက်သံဘောင်တံတားအား
သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ
အခြေခံပညာစာသင်ကျောင်းအချို့ ယာယီပိတ်ထားရကြောင်း သိရသည်။
ထိုသို့
ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် နေရာများသို့ ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို
အချိန်နှင့်တစ်ပြေးညီ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယခုကဲ့သို့
မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့်
မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများတွင်
နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်သတိပြုနေထိုင်နိုင်ရေး
အသိပေးနှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment