ကိုဘုန်း (ထုတ်လုပ်)
နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အိုဇုန်းလွှာ ပါးလွှာလာမှုကို ဖြစ်ပေါ်စေသည့်အရာဝတ္ထုများ အသုံးပြုမှုကို ကာကွယ်ပေးသည့် မွန်ထရီရယ်ပဋိညာဉ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရန်
ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် United Nations Environment Programme (UNEP) တို့က ဦးဆောင်ပြီး
ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို
ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်
အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်
နောက်ဆက်တွဲစာချုပ်ကို ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ ထပ်မံချုပ်ဆိုခဲ့ကြသည်။
အဆိုပါစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသော CFC နှင့် Halon
ဒြပ်ပစ္စည်းရှစ်မျိုးကို အပြီးသတ်ရပ်ဆိုင်းနိုင်ခဲ့ပါသည်။
သုတေသနတွေ့ရှိချက်များအရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအား ထပ်မံဖော်ထုတ်တွေ့ရှိလာသည့်အတွက်
မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ငါးကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ရပြီး
အဆိုပါဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ထပ်မံကန့်သတ်ထိန်းချုပ်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့၌ ကျင်းပခဲ့သည့် မွန်ထရီရယ်နောက်ဆက်တွဲ
စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ (၂၈)ကြိမ်မြောက် အစည်းအဝေးတွင်
ကမ္ဘာကြီးပူနွေးမှုအညွှန်းကိန်း အလွန်မြင့်မားပြီး မှန်လုံအိမ်အာနိသင်ရှိသည့် ဟိုက်ဒရိုဖလူအိုရို
ကာဗွန် (HFCs)ကို ထုတ်လုပ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ
ကီဂါလီပြင်ဆင်ချက် (Kigali Amendment) ကို
ထပ်မံသဘောတူချမှတ်ခဲ့ကြသည်။
ကမ္ဘာ့လေထု၏
ဒုတိယ အဓိကအလွှာတွင် တည်ရှိသော အိုဇုန်းလွှာ
အိုဇုန်းလွှာသည်
ကမ္ဘာ့လေထု၏ ဒုတိယအဓိကအလွှာဖြစ်သည့် ကမ္ဘာ့စထရာတိုစဖီးယားတွင် တည်ရှိသည်။ ၎င်းသည်
ကမ္ဘာမြေမျက်နှာပြင်အထက် ၁၀ မိုင်မှ ၃၀ မိုင် (၁၅ မှ ၅၀ ကီလိုမီတာ)
ခန့်တွင်စတင်ပြီး အမြင့်ပေ ၃၅ မိုင် (၅၆ ကီလို မီတာ) ခန့်အထိ ကျယ်ပြန့်သည်။
အောက်ဆီဂျင် မော်လီကျူး (O2)များသည် နေရောင်ခြည်ကြောင့် အောက်ဆီဂျင်အက်တမ်နှစ်ခုအဖြစ် ကွဲထွက်သွားပြီး
အခြားအောက်ဆီဂျင် မော်လီကျူးတစ်ခုနှင့် ဓာတ်ပြုမိသောအခါ အိုဇုန်းမော်လီကျူး (O3)တစ်ခု ဖြစ်ပေါ်လာသည်။ အဆိုပါအိုဇုန်းမော်လီကျူးများ တစ်နေရာတည်း၌
စုဝေးနေသည့်နေရာကို အိုဇုန်းလွှာဟု ခေါ်သည်။ ဤအလွှာသည် နေ၏အန္တရာယ်ရှိသော
ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူနိုင်သောကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများကို
ပျက်စီးစေသော သက်ရောက်မှုများမှ ကာကွယ်ပေးနိုင်သည်။
ကမ္ဘာမြေအတွက်
အလွန်အရေးကြီးသည့်အိုဇုန်းလွှာ
အိုဇုန်းလွှာသည်
ကမ္ဘာမြေအတွက် အလွန် အရေးကြီးပါသည်-
ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု
- အိုဇုန်းလွှာသည် နေ၏အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်အများစု အထူးသဖြင့်
ခရမ်းလွန်-ဘီနှင့် ခရမ်းလွန်-စီ ရောင်ခြည်များကို စုပ်ယူပြီး စစ်ထုတ်သည်။
ပြင်းထန်သော ခရမ်းလွန်ရောင်ခြည်များသည် ပမာဏများစွာဖြင့် ကမ္ဘာမြေမျက်နှာပြင်သို့
ရောက်ရှိပြီး သက်ရှိများကို သိသိသာသာ ထိခိုက်စေနိုင်ခြင်းကို အိုဇုန်းလွှာမှ
ကာကွယ်ပေးပါသည်။
လူ့ကျန်းမာရေး
- ခရမ်းလွန်ရောင်ခြည်ကို ပိတ်ဆို့ခြင်းဖြင့် အိုဇုန်းလွှာသည် အရေပြားကင်ဆာ၊
အတွင်းတိမ်နှင့် ခရမ်းလွန်ရောင်ခြည်လွန်ကဲစွာ ထိတွေ့မှုဆိုင်ရာ
အခြားကျန်းမာရေးပြဿနာများနှင့် နေလောင်ခြင်းကို ကာကွယ်လျှော့ချပေးသည်။
ဂေဟစနစ်ကာကွယ်ခြင်း
- အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည်ကို ထိန်းသိမ်းသောကြောင့် အပင်များ၊ အစာကွင်းဆက်များနှင့်
ဂေဟစနစ်တစ်ခုလုံးတည်ငြိမ်မှုအတွက် အရေးပါသော သက်ရှိများ၏ ကျန်းမာရေးကို
ထိန်းသိမ်းပေးသည်။
ရာသီဥတုထိန်းညှိခြင်း-
အိုဇုန်းလွှာသည် ကမ္ဘာ၏ ရာသီဥတုကို ထိန်းညှိရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး
ရာသီဥတုပုံစံများနှင့် ရာသီဥတုတည်ငြိမ်မှုကို ထိခိုက်စေသည့် လေထုအပူချိန်ကို
ထိန်းညှိပေးပါသည်။
ပစ္စည်းများကာကွယ်ခြင်း
- ကမ္ဘာမြေမျက်နှာ ပြင်သို့ရောက်ရှိသည့် ခရမ်းလွန်ရောင်ခြည်ကို လျှော့ချခြင်းဖြင့်
အိုဇုန်းလွှာသည် ပလတ်စတစ်၊ သစ်သားနှင့် ရော်ဘာကဲ့သို့သောပစ္စည်းများ ပျက်စီးယိုယွင်းမှုကို
တားဆီးပေးကာ ၎င်းတို့၏ အသုံးဝင်သော သက်တမ်းကိုတိုးစေပြီး မကြာခဏ အစားထိုး
ရန်လိုအပ်မှုကို လျှော့ချပေးနိုင်သောကြောင့် အိုဇုန်းလွှာသည် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို
စစ်ထုတ်ခြင်း၊ လူ့ကျန်းမာရေးကို ပံ့ပိုးပေးခြင်း၊ ဂေဟစနစ်ကို ထိန်းသိမ်းခြင်းနှင့်
ရာသီဥတုတည်ငြိမ်မှုကို ထိန်းသိမ်းပေးခြင်းတို့ဖြင့် ကမ္ဘာပေါ်ရှိသက်ရှိများကို
ကာကွယ်ပေးရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
အိုဇုန်းလွှာပျက်စီးစေသည့်
ဒြပ်ပစ္စည်းများနှင့် ပျက်စီးရခြင်းအကြောင်းရင်း
ထိုသို့
အကျိုးပြုသော အိုဇုန်းလွှာပျက်စီးစေသည့် အဓိကအကြောင်းရင်းမှာ အိုဇုန်းဓာတ်
လျော့နည်းခြင်းကြောင့်ဖြစ်ပြီး ထိုသို့လျော့နည်းခြင်းသည် လူလုပ်ဓာတုပစ္စည်းများ၏
လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်။ အိုဇုန်းလွှာကိုပျက်စီးစေသော
ဒြပ်ပစ္စည်းများသည် ကလိုရင်းပါဝင်သည့် ပစ္စည်းများဖြစ်သည့်
ကလိုရိုဖလူအိုရိုကာဗွန်(Chlorofluor-ocarbons–CFCs)၊ ဟိုက်ဒရိုကလိုရိုဖလူအိုရိုကာဗွန် (Hydrochloroflurocarbons-HCFCs)၊ ဘရိုမင်းပါဝင်သည့် ပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုဘရိုမိုဖလူအိုရိုကာဗွန်
(Hydrobromo-fluorocarbons-HBFCs)နှင့်
ဘရိုမိုကလိုရိုမီသိန်း (Bromochloromethane BrCH2Cl) များ
ဖြစ်သည်။ အဆိုပါ ဒြပ်ပစ္စည်းများကို လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးသတ်ဆေးဘူးများ၊
ပိုးသတ်ဆေးများ၊ ရုပ်ကြွင်းလောင်စာများ၊ စက်မှုလုပ်ငန်း လုပ်ငန်းစဉ်များမှ
ထုတ်လွှတ်သည့် ဓာတ်ငွေ့နှင့် ဓာတုပစ္စည်းများစသည့် လူသားတို့၏ လုပ်ဆောင်ချက်များမှ
ထုတ်လွှင့်ပေးသလို သဘာဝအကြောင်းရင်းများဖြစ်သည့် မီးတောင်ပေါက်ကွဲမှုများ၊ တောမီးလောင်ကျွမ်းမှုများမှလည်း
အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်စင်များကို ထုတ်လွှတ်ပေးသည်။ သို့သော်
သဘာဝရင်းမြစ်များမှ ဒြပ်စင်များထွက်ရှိမှုသည် လူလုပ်ဓာတုပစ္စည်းများနှင့်
နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးသည်။ အိုဇုန်းလွှာပျက်စီးမှုကို
ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာ၌ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်စင်များစွာကို
ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းကို ရပ်ဆိုင်းရန် ၁၉၈၇ ခုနှစ်တွင် ချမှတ်ခဲ့သော အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ဖြစ်သည့်
မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အရ အဆိုပါဓာတုပစ္စည်းများ ထုတ်လွှတ်မှုသည် သိသိသာသာ
လျော့ကျသွားပါသည်။
အိုဇုန်းလွှာပျက်စီးခြင်း၏
ဆိုးကျိုးများ
အိုဇုန်းဓာတ်လျော့နည်းခြင်းသည်
သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဆိုးရွားသော အကျိုးဆက်များစွာ
ဖြစ်ပေါ်စေနိုင်သည်-
အရေပြားကင်ဆာ
- ကမ္ဘာမြေမျက်နှာပြင်သို့ ရောက်ရှိသည့် ခရမ်းလွန်ရောင်ခြည် မြင့်မားမှုသည်
အရေပြားကင်ဆာများ၊ အထူးသဖြင့် melanoma နှင့် basal cell carcinoma နှင့်
squamous cell carcinoma ကဲ့သို့သော အရေပြားကင်ဆာများ
ဖြစ်ပွားမှုကို တိုးမြင့်စေနိုင်သည်။
အတွင်းတိမ်နှင့်မျက်လုံးပျက်စီးခြင်း
- ခရမ်းလွန် ရောင်ခြည်သည် အတွင်းတိမ်နှင့် အခြားမျက်စိရောဂါများကို
ဖြစ်စေနိုင်ပြီး မကုသပါကအမြင်အာရုံကို ထိခိုက်စေနိုင်ပြီး မျက်စိကွယ်သွားနိုင်သည်။
ခုခံအားစနစ်အားနည်းခြင်း
- ခရမ်းလွန် ရောင်ခြည်ထိတွေ့မှုများလာခြင်းသည် ကိုယ်ခံအားစနစ်ကို နည်းပါးစေနိုင်ကာ
လူတစ်ဦးချင်းစီ၌ ကူးစက်ခံရနိုင်ခြေပိုမိုများပြားစေနိုင်ပြီး ကာကွယ်ဆေးများ၏
ထိရောက်မှုကို အားနည်းနိုင်သည်။
တိရစ္ဆာန်များအပေါ်သက်ရောက်မှု
- ခရမ်းလွန်ရောင်ခြည်သည် အစားအစာကွင်းဆက်ကို ဆိုးရွားစွာထိခိုက်စေသည်။
သက်ရှိများပျက်စီးခြင်းသည် ဂေဟစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပြီး ငါးသိုလှောင်မှုနှင့်
အခြားသက်ရှိများကို ထိခိုက်နိုင်သည်။ ရေ (သို့မဟုတ်) ရေအနီးတွင် နေထိုင်သော
တိရစ္ဆာန်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
အပင်များအပေါ်
သက်ရောက်မှု - မြင့်မားသော ခရမ်းလွန်ရောင်ခြည်သည် အပင်တစ်သျှူးများကို
ပျက်စီးစေပြီး ကြီးထွားမှု၊ ကုန်ထုတ်စွမ်းအားနှင့် ခံနိုင်ရည်တို့ကိုထိခိုက်စေပြီး
သီးနှံအထွက်နှုန်း လျော့ကျစေကာ စားရေရိက္ခာဖူလုံမှုကို ထိခိုက်စေသည်။
ရာသီဥတုနှင့်
လေထုသက်ရောက်မှု - အိုဇုန်း ဓာတ်လျော့နည်းခြင်းသည် လေထုအပူချိန်နှင့်
လည်ပတ်မှုပုံစံများကို လွှမ်းမိုးနိုင်ပြီး ရာသီဥတုပြောင်းလဲမှုများကို
အထောက်အကူပြုသည်။
စီးပွားရေးအပေါ်သက်ရောက်မှု
- ခရမ်းလွန်ရောင်ခြည်ကြောင့် သီးနှံအထွက်နှုန်း လျော့နည်းခြင်းနှင့်
အပင်များပျက်စီးခြင်းသည် စိုက်ပျိုးရေးတွင် စီးပွားရေးဆုံးရှုံးမှုများ
ဖြစ်ပေါ်စေနိုင်ပြီး အစားအစာထောက်ပံ့မှုနှင့် ဈေးနှုန်းများကို ထိခိုက်စေပါသည်။
လူသုံးကုန်ပစ္စည်းများအပေါ်သက်ရောက်မှု-
ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုမြင့်မားခြင်းကြောင့် ပလတ်စတစ်၊ ရော်ဘာနှင့်
ဆောက်လုပ်ရေးပစ္စည်း များကဲ့သို့သောပစ္စည်းများ ပျက်စီးစေပြီး ပြုပြင်ထိန်းသိမ်းမှုနှင့်
အစားထိုးစရိတ်များ မြင့်မားစေသည်။
နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံတွင်
အမျိုးသားအိုဇုန်းယူနစ်ကို ဖွဲ့စည်းကာ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး
လုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် မွန်ထရီရယ်သဘောတူစာချုပ်၏
ပြင်ဆင်ချက်များအပါအဝင် နိုင်ငံတကာသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး
အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် ကမ္ဘာ့နိုင်ငံများ
အားလုံးနှင့်အတူ တက်ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည်
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများထုတ်လုပ်မှုနှင့် သုံးစွဲမှုနည်းပါးသော
နိုင်ငံဖြစ်သော်လည်း မွန်ထရီရယ်သဘောတူစာချုပ်ပါ ကတိကဝတ်များနှင့်အညီ
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှုကို
အဆင့်ဆင့်လျှော့ချလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကလိုရိုဖလူအိုရိုကာဗွန်(CFCs) တင်သွင်းမှုအား
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အပြီးသတ်ရပ်ဆိုင်းထားခဲ့သည်။
အနာဂတ်မျိုးဆက်များအတွက်
သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို လက်ဆင့်ကမ်းနိုင်ရန် လက်ရှိမျိုးဆက်များသည်
အဓိကအခန်းကဏ္ဍတွင်ပါဝင်နေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအပြင်
အိုဇုန်းလွှာထိန်းသိမ်းခြင်းလုပ်ငန်းသည်လည်း များစွာအရေးပါလှပါသည်။
အိုဇုန်းလွှာကို အနာဂတ်မျိုးဆက်များအထိ ကာကွယ်ထိန်းသိမ်းသွားပြီး
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေကာ သက်ရှိနှင့် သဘာဝပတ်ဝန်းကျင်တို့
ဟန်ချက်ညီညီ နေထိုင်သွားရင်းကောင်းမွန်သော အနာဂတ်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသော ကမ္ဘာကြီးကို
ဖော်ဆောင်ရန်မှာကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ဖြစ်သောကြောင့်
ပူးပေါင်းဆောင်ရွက်မှု၏စွမ်းအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေကို နောင်လာမည့်
မျိုးဆက်များအတွက် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆
ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြု၍
ရေးသားလိုက်ပါသည်။ ။
ကိုးကား
- နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများ
- Google.com
No comments:
Post a Comment