နေပြည်တော် စက်တင်ဘာ ၁၄
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။
ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုးပြုပြင်ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ချဉ်းကပ်လမ်းပျက်စီးသွားသော နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး)အား ယာယီဘေလီတံတားအစားထိုးခြင်းကို အင်တိုက်အားတိုက် ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့နေ့လယ်ပိုင်းတွင် ပြီးစီးပြီဖြစ်၍ ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
ထို့ပြင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာများကို လိုက်လံဝေငှပေးလျက်ရှိသည်။
ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၆၄ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၆၂ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက် ညပိုင်း အထိရရှိသောစာရင်းများအရ ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် အထက်ပါရပ်ကွက်၊ ကျေးရွာများအတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် လမ်းအရှည် ၃၂၆၄၅ ပေ၊ တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၆၅၇၅၉ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။












No comments:
Post a Comment