Monday, September 30, 2024

စိတ်ပျိုကိုယ်နု ဇရာကို အန်တုနိုင်သူများဖြစ်စေဖို့ အားပေးမြှင့်တင်ဖြည့်ဆည်းစို့

 


ကြည်ထွန်း(လူမှု)

အသက်အရွယ် အိုမင်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှုရပိုင်ခွင့်ရှိသည်” ဟု ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၅ (၁) တွင် ဖော်ပြထားပါသည်။ အသက် ၆၀ နှစ်အထက်ကို သက်ကြီးပုဂ္ဂိုလ်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် အမှတ် (၄၅/၁၀၆)ဖြင့် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons) ဟုဂုဏ်ပြုသတ်မှတ်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်တွင် ဆယ်စုနှစ်သုံးခုကျော်၍ လေးနှစ်စွန်းလာပြီ။

သက်ကြီးသူတို့ကမ္ဘာ

၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေမျှော်မှန်းချက် (World Population Project 2024) အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိပြီး လာမည့်နှစ် ၆၀ အထိ ဆက်လက်တိုးလာဖွယ်ရှိရာ ၂၀၈၀ ပြည့်နှစ်တွင် ၁၀ ဒသမ ၃ ဘီလီယံသို့ ရောက်ရှိနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်ခန့်၌ ပျမ်းမျှလူ့သက်တမ်း ၇၅ နှစ်အထက် ကျော်လွန်လာပြီဖြစ်ရာ ၁၉၅၀ ပြည့်နှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၅ နှစ်ခန့် တိုးလာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို သန်း ၂၆၀ မှ ၇၆၁ သန်းအထိ တိုးပွားလာသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ ထပ်မံတိုးပွားလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၃၀ ပြည့်နှစ်အရောက်တွင် သက်ကြီးပုဂ္ဂိုလ်အရေအတွက်သည် လူငယ်ဦးရေထက် ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့၏ ကမ္ဘာကို သက်ကြီးသူတို့ကမ္ဘာဟု တင်စားခေါ်ဆိုနေကြပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ခြောက်ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာသည်။ ယခုအချိန်တွင် သက်ကြီးပုဂ္ဂိုလ် ခြောက်သန်းခွဲကျော်ရှိလာပြီဟု ခန့်မှန်းထားရာ မြန်မာ့လူဦးရေ ၅၆ သန်းကျော်နှင့်တွက်ချင့်လျှင် မြန်မာကိုးဦးခန့်တွင် တစ်ဦးသည် သက်ကြီးပုဂ္ဂိုလ် စာရင်းဝင်ဖြစ်လာပြီဟု ဆိုရပါမည်။

ဦးတည်ချက်ဆောင်ပုဒ်

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သက်ကြီးပုဂ္ဂိုလ်တိုးပွားနှုန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုမြန်ဆန်သည်။ ထိုသို့ လူဦးရေအချိုးအစားပြောင်းလဲလာမှုသည် သမားရိုးကျအခြေအနေနှင့် သမားရိုးကျမဟုတ်သည့် အခြေအနေတို့တွင် ငွေကြေးကုန်ကျသည့် ပံ့ပိုးမှုနှင့် ငွေကြေးပံ့ပိုးမှုမကုန်ကျသည့် ပံ့ပိုးမှုနှစ်ရပ်စလုံးတွင် လိုအပ်သည့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို သိသိသာသာပြောင်းလဲစေသည်။ သက်ကြီးပုဂ္ဂိုလ်များပြားလာခြင်းကြောင့် ပိုမိုကျယ်ပြန့်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုစောင့်ရှောက်ရေးဝန်ဆောင်မှု လိုအပ်ချက်များ သိသာစွာမြင့်တက်လာသည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသည့် သက်ကြီးပုဂ္ဂိုလ်များအတွက် လိုအပ်ချက်များပြားလာသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ သက်ကြီးများ၏ အခွင့်အရေးအတွက် ပိုမိုခိုင်မာသော ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်အလုံးစုံပြည့်စုံသော သဘောတူစာချုပ်ထွက်ပေါ်လာဖို့လိုသည်။ ကမ္ဘာနှင့် အဝှမ်းသက်ကြီး ဆူနာမီလှိုင်းရိုက်ခတ်လာမည့်အခြေအနေမှာ ချင့်မြော်တွေးဆ၍ စီမံဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီ။

ထို့ကြောင့် သက်ကြီးပုဂ္ဂိုလ်ကုသစောင့်ရှောက်မှု ဆေးပညာ (geriatrics)၊ အိုခြင်းနှင့် အိုမှုဖြစ်စဉ်လေ့လာမှုဆိုင်ရာ အတတ်ပညာ (gerontology) များ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားရေး၊ သက်ကြီးပုဂ္ဂိုလ်များကို စနစ်တကျ ရေရှည်ပြုစုစောင့်ရှောက်နိုင်မည့်သူ (caregivers) များ လေ့ကျင့်မွေးထုတ်ရေး၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး ဆရာဝန်များ၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး ပညာရပ်များအတွက် ပညာရေးအခွင့်အလမ်းများနှင့် သင်တန်းများဖွင့်လှစ်ရေး စသည့်အစီအမံများကို ဆွေးနွေးညှိနှိုင်းချမှတ်မှ ဖြစ်တော့မည်။ သက်ကြီးပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာ၊ ယုံကြည်မှု၊ လိုအပ်ချက်နှင့် လုံခြုံမှုကို လေးစားတန်ဖိုးထားသည့် သက်ကြီးပုဂ္ဂိုလ် အာရုံစိုက်ချဉ်းကပ်နည်းကို မြှင့်တင်ပြီး၎င်းတို့၏ လူနေမှုဘဝအဆင့်အတန်းအတွက် ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်နိုင်ခွင့်ကိုလည်း အလေးထားရပေမည်။ သို့ဖြစ်၍ ကုလသမဂ္ဂက ယခု ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ်များနေ့ဦးတည်ချက်ဆောင်ပုဒ်ကို “Ageing with Dignity: The Importance of Strengthening Care and Support Systems for Older Persons Worldwide.”ဟု ချမှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူငါးရပ်

၁၉၉၁ ခုနှစ်က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် ၄၆/၉၁ ဖြင့် ချမှတ်ပေးခဲ့သော အောက်ဖော်ပြပါ သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အခြေခံမူ (United Nations Principles for Older Persons) ငါးရပ်သည် မည်သို့ပင်ခေတ်စနစ်အခြေအနေများ ပြောင်းလဲစေကာမူ ယနေ့တိုင်ခေတ်မီနေဆဲ၊ ဆန်းသစ်နေဆဲ ဖြစ်သည်။

အခြေခံလိုအပ်ချက်များပြည့်စုံစေ၍ အမှီအခိုကင်းစွာ မိမိကိုယ်တိုင်ရပ်တည်နိုင်ရေး (Independence)

ကိစ္စမြားမြောင်လူတို့ဘောင်၌ ဆယ်စုနှစ်ခြောက်ခုကျော်ကာလ ကျင်လည်ခဲ့ပြီးသူတစ်ဦးအဖို့ သက်ကြီးပုဂ္ဂိုလ်ဘဝသည် အရေးကြီးဆုံးအချိန်ဖြစ်သည်။ ထိုကာလတွင် စားရေး၊ ဝတ်ရေး၊ နေရေးနှင့် ကျန်းမာရေးစသည့်အခြေခံလိုအပ်ချက်တို့အပြင် ထိုက်သင့်သောအလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ သိလိုတတ်လိုသော ပညာရပ်ဆိုင်ရာများကို လေ့လာဆည်းပူးခွင့်ရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များနှင့် အမှီအခိုကင်းရေးသည် သက်ကြီးပုဂ္ဂိုလ်များအဖို့ ရရှိခံစားအပ်သော အခြေခံအခွင့်အရေးများဖြစ်သည်။ အဆိုပါအခွင့်အရေးများ အပြည့်အဝရရှိအောင် ဖော်ဆောင်ပေးရန် မျိုးဆက်သစ်တိုင်းတွင် ကိုယ်စီတာဝန်ရှိပါသည်။

လူမှုရေးနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး (Participation)

အိုသည့်တိုင်အောင် ဇွဲကိုဆောင်၍ လူ့ဘောင်ကောင်းကျိုးစဉ်သယ်ပိုး” လိုသည်မှာ သက်ကြီး ပုဂ္ဂိုလ်များ၏ ဆန္ဒစေတနာပင်ဖြစ်သည်။ လူ့အသိုင်းအဝိုင်းအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူများ ဖြစ်သည့်အားလျော်စွာ အထီးတည်းမနေလိုကြသူများလည်းဖြစ်သည်။ လှူဒါန်းပေးကမ်းလိုကြ၍ ပရဟိတသင်္ဂဟလုပ်ငန်းများတွင် ပါဝင်ပျော်မွေ့လို သူများလည်းဖြစ်ကြသည်။ သို့ဖြစ်၍ လူမှုရေးနှင့် သာရေးနာမှုအဖွဲ့အစည်းများတွင် ပါဝင်ထမ်းရွက်နိုင်ရန် နေရာပေးကြရမည်။ “သက်ကြီးစကား သက်ငယ်ကြား”ဟူသည့် ဆိုရိုးစကားနှင့်အညီ ၎င်းတို့ထံမှ အတွေ့အကြုံနှင့် ဗဟုသုတများကို တလေးတစားမှတ်သားနာယူကြရမည်။ လူ့အသိုင်းအဝိုင်းအတွင်း စိတ်အားလူအားရှိသမျှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန် စီမံဖန်တီးပေးကြရမည်ဖြစ်သည်။

ကြီးသူငယ်သူအပြန်အလှန် စောင့်ရှောက်မှုပြုကြရေး (Care)

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဟူ၍ မြန်မာဆိုရိုးစကားရှိပေသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရသက်ကြီး ပုဂ္ဂိုလ်များသည် ၎င်းတို့၏ မိသားစုနှင့် ရပ်ဆွေရပ်မျိုးတို့၏ ပြုစုစောင့်ရှောက်မှု၊ ရိုသေလေးစားမှုကို ခံယူခွင့်ရှိသူများဖြစ်သည်။ အသက်အရွယ်မတူညီသောမျိုးဆက်များကြား အခါအားလျော်စွာ ဗဟုသုတနှင့် အတွေ့အကြုံများကို နှီးနှောဖလှယ်ကြရမည်။ သက်ရွယ်စုံညီ လူ့ဘောင်ဆီသို့ လှမ်းချီရာတွင် ကြီးသူ၊ ရွယ်တူ၊ ငယ်သူအားလုံး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကျိုးပြုကြလျက် အချင်းချင်းရိုင်းပင်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

၎င်းတို့၏စွမ်းရည်နှင့် အခွင့်အလမ်းများကို ၎င်းတို့ ကိုယ်တိုင်ဖြည့်တင်းနိုင်ရေး (Self-Fulfillment)

အသက်ကြီး” သူတိုင်းသည် “အရွယ်အို” နေသူများမဟုတ်ကြပေ။ သက်ကြီးပုဂ္ဂိုလ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ကိုယ်တိုင်၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများ၌ အခွင့်အလမ်းများ လက်လှမ်းမီဖြစ်စေရန် အားပေးမြှင့်တင်ပေးရမည်။ ၎င်းတို့တွင် ငုပ်လျှိုးကျန်ရှိသေးသော စွမ်းရည်များကို ဖော်ထုတ်ပြသခွင့်ရရှိရန် လမ်းဖွင့်ပေးကြရမည်။ လူ့အသိုင်းအဝိုင်း၏ ပညာရေး၊ ယဉ်ကျေးမှု၊ အပန်းဖြေရေးနှင့် လောကုတ္တရာပိုင်းဆိုင်ရာ ကဏ္ဍများတွင် ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အား ကိုယ်ကိုးပါဝင်ဆောင်ရွက်မှုအဝဝကို အသိအမှတ် ပြုအားပေးကြရမည်ဖြစ်သည်။

ဂုဏ်သိက္ခာရှိရှိဖြင့် လုံခြုံမှုရှိစွာ ရပ်တည်ခွင့်ရရှိရေး (Dignity)

သက်ကြီးပုဂ္ဂိုလ်များသည် လူသားတိုင်းမရရှိနိုင်သော အသက်အရွယ်အားဖြင့် ကြီးခြင်းဟူသည့် “ဝယဝုဒ္ဓိဂုဏ်ရည်” ကို ပိုင်ဆိုင်သူများ ဖြစ်သည်။ မိမိနေအိမ်နှင့်ဝန်းကျင်တွင် သက်ကြီးပုဂ္ဂိုလ်တစ်ဦးရှိနေခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည်။ မိသားစုအကျိုးကို များစွာမသယ်ပိုးနိုင်တော့ဘဲ ကျီးစောင့်ကြက်နှင့် မြေးထိန်းရသည့်အမှုကို ပြုနေကြရသည့်တိုင် ၎င်းတို့ဂုဏ်အင်သည် တလွင့်လွင့်မြင့်မားနေဆဲဖြစ်သည်။ ခေါင်းဖြူစွယ်ကျိုး၊ အိုနာကျိုးကန်း စသောအသုံးအနှုန်းများကို ရှောင်ကြဉ်ကြရမည်။ ၎င်းတို့၏ ပြုမူပြောဆို ဆက်ဆံမှုအပေါ် ခေတ်မမီသူများ၊ စပ်စုတတ်သူများ၊ ဝင်ရောက်စွက်ဖက်တတ်သူများဟူ၍ သဘောမထားဘဲ လိုက်လျောညီထွေနေရာပေးဆက်ဆံမှု ပြုကြရပါမည်။ ကျန်ရှိနေသေးသော လူ့ဘဝသက်တမ်းကာလ၌ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာညှိုးနွမ်းမှုမရှိဘဲ လုံခြုံနွေးထွေးစွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်သူများဖြစ်အောင်၊ ကျန်းမာတက်ကြွသက်ကြီးဘဝ (Active and healthy aging) ကို ရရှိအောင် အားပေးမြှင့်တင်ကြရမည်ဖြစ်သည်။

မြန်မာ့သက်ကြီးပုဂ္ဂိုလ်များ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေး

သက်ကြီးသူများ စောင့်ရှောက်ရေးအစမြန်မာက” ဟု ဆိုရလောက်အောင် ကျေးဇူးတရားသိတတ်မှုနှင့် တာဝန်ဝတ္တရားကျေပွန်မှုကို အလေးထားတတ်သော မြန်မာတို့အဖို့ ရှေးမြန်မာမင်းများ လက်ထက်ကတည်းကစ၍ သားစဉ်မြေးဆက် ထမ်းရွက်ခဲ့သော သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုသည် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ဖြစ်သည်။ မျက်မှောက်ခေတ်တွင်လည်း “သက်ကြီးပုဂ္ဂိုလ်များဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း” သည် နိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်နေသော ပင်မလုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လူမှုရေးပင်စင်ခံစားခွင့်ပြုခဲ့သည်။ နိုင်ငံတော်အစိုးရ အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၉၉ ခုကို နည်းပညာနှင့် နှစ်စဉ်ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော သက်ကြီးသူများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Caregiver) သင်တန်းကို ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ သင်တန်းအမှတ်စဉ် (၁၅) ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းသား သင်တန်းသူ ၃၈၅ ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီဟု သိရသည်။

သန်းခေါင်စာရင်းကောက်ရာတွင် သက်ကြီးပုဂ္ဂိုလ် စာရင်း မကြွင်းကျန်စေဖို့

ကုလသမဂ္ဂက ဦးဆောင်ရေးဆွဲနေသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုအခွင့်အရေး စာချုပ်ထွက်ပေါ် မလာသေးသော်လည်း မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ (၂၀၂၂) တို့ကို ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ ကော်မတီနှင့်ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နေသည်။ အဆိုပါဥပဒေကို စေ့ငုကြည့်ရာတွင် သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ရာ၌ “သက်ကြီးရွယ်အို သက်သေခံ ကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်း” ဟူသောအခန်းကဏ္ဍမှာ အခရာဖြစ်နေသည်ကို တွေ့ရမည်။ အဆိုပါလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းကြီးဖြစ်၍ ကြီးမားကျယ်ပြန့်လှသည်။ သို့ရာတွင် တိုက်တိုက်ဆိုင်ဆိုင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့) တွင် စတင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ရလဒ်များ ထွက်ပေါ်လာသည့်အခါရရှိလာမည့် သက်ကြီးပုဂ္ဂိုလ်စာရင်းကို အခြေခံ၍ ဆောင်ရွက်နိုင်မည်မှာမလွဲပေ။ သို့ဖြစ်၍ စာရင်းကောက်အဖွဲ့များ ရောက်ရှိလာသည့်အခါ မိမိမိသားစုဝင်သက်ကြီး ပုဂ္ဂိုလ်စာရင်းကို ကြွင်းကျန်မှုမရှိအောင် ဖြေကြားပေးရန်အားလုံးတွင် တာဝန်ရှိပါသည်။

စိတ်ပျိုကိုယ်နု ဇရာကို အန်တုနိုင်စေဖို့

မိသားစုအတွင်း၌ ကျွန်ုပ်တို့သည် သားသမီးနေရာတွင်ဖြစ်စေ၊ မိဘနေရာတွင်ဖြစ်စေ၊ ဘိုးဘွားနေရာတွင်ဖြစ်စေ ရောက်ရှိနေကြမည်သာဖြစ်သည်။ သားသမီးအရွယ်ဖြစ်ပါက များမကြာမီ မိဘအရာသို့ ရောက်ရှိပါတော့မည်။ မိဘနေရာတွင် ရောက်ရှိနေ သူဖြစ်ပါက မဝေးသောကာလတွင် ဘိုးအေဘွားအေ ဘဝကို မလွဲမသွေခံယူကြရမည်ဖြစ်ပါသည်။ အသက်အရွယ်မတူညီသော မိသားစုဝင်များကြား ညီညွတ်မျှတစွာ နေထိုင်ပြောဆိုဆွေးနွေးမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ အပြန်အလှန်မေတ္တာထားမှု၊ ခွင့်လွှတ်စာနာ ထောက်ထားမှုများဖြင့် ခိုင်မြဲသောမိသားစုဘဝကို တည်ဆောက်ကြရပါမည်။ အသက် ၁၈ နှစ်မပြည့် သေးသူတို့အတွက် ကလေးသူငယ်အခွင့်အရေးများ ရှိသကဲ့သို့ အသက် ၆၀ နှစ်နှင့် အထက်ရှိသူတိုင်းတွင်လည်း သက်ကြီးပုဂ္ဂိုလ်အခွင့်အရေးများရှိကြပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ဘိုးဘွားမိဘများကို စိတ်ထောင်းကိုယ်ကြေ အိုဇာတာကံခေသူများ မဖြစ်စေဘဲ စိတ်ပျိုကိုယ်နုဇရာကို အန်တုနိုင်သူများဖြစ်စေရန် အတတ်နိုင်ဆုံး အားပေးမြှင့်တင်ဖြည့်ဆည်းရေးမှာ မျိုးဆက်သစ်တိုင်း၏ တာဝန်ပင်ဖြစ်ပါသည်။ ။

No comments:

Post a Comment