ဟားခါး စက်တင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အုပ်ချုပ်သူနှင့် ယဉ်ကျေးမှုအဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ဦးစွာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်ကိုယ်စားပြု
ယဉ်ကျေးမှုအဖွဲ့က တေးသံရှင် လားဒင့်ထားရ်ရီ၏ “ ချင်းတောင်တန်းမှကြိုဆိုပါ၏ ” နောက်ခံသီချင်းဖြင့်
ကပြတင်ဆက်သည်။
ထို့နောက် ချင်းပြည်နယ်ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး သိန်းထွန်းအောင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည်
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့်
အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်သည့်အနေဖြင့်
နိုင်ငံတော်မှ နှစ်စဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ယခင်နှစ် နေပြည်တော်တွင် ကျင်းပသည့်
(၂၄)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ချင်းပြည်နယ်မှ
ပြိုင်ပွဲ အမျိုး အစား (၃၅)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆု(၁၄)ဆုဖြင့် အဆင့် (၁၃)
ရရှိခဲ့ကြောင်း ၊ ယခုနှစ်တွင် ယခင်နှစ်က အားနည်းချက်များကို သုံးသပ်သင်ခန်းစာယူ၍ အားသာချက်များဖြစ်အောင်
ဆောင်ရွက် ကြစေလိုကြောင်း၊ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည်
ချင်းရိုးရာ အကဂီတသံစဉ်များဖြင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များကို
ဖော်ထုတ်မြှင့်တင်ခွင့်ရသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်၍ ပြိုင်ပွဲဝင်ရောက်ကြမည့်အဖွဲ့များ
အနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် ချင်းပြည်နယ်၏ ဂုဏ်ဆောင်၍ အရည်အချင်း
ပြည့်ဝစွာဖြင့် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးကြောင်းဖြင့်
အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊
အရေး၊ အတီးပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်များ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး
ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ပြိုင်ပွဲဝင်ရောက်နိုင်ရေးအတွက်
ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့်
ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေ (၄၆) သိန်းကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး
ဦးအောင်ချိုကလည်းကောင်း ၊ အောင်နိုင်ရေးအလံကို ချင်းပြည်ခေတ္တဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း ပေးအပ်ပြီး ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ
အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစိန်ထွန်းလှက လက်ခံရယူကာ ကျေးဇူတင်စကား ပြောကြားသည်။
ယင်းနောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့်
ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့က မင်းတပ်ချင်းတိုင်းရင်းသားရိုးရာအကဖြင့်
ကပြတင်ဆက်ကြပြီးနောက် နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
ကိုဆလိုင်း(ပြန်/ဆက်)
No comments:
Post a Comment