မောင်သောင်းဝင်း (တမန်ဟောင်း)
ကျွန်ုပ်တို့နေ့စဉ်ထိတွေ့နေရသော ထိုနေရောင်ခြည်တွင် လူကိုထိခိုက်စေနိုင်သည့် ခရမ်းလွန် ရောင်ခြည်များ ပါဝင်လျက်ရှိသည်။ ထိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည့် သဘာဝဒိုင်းကြီးမှာ အိုဇုန်းလွှာပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းများသည် အိုဇုန်းလွှာပါးလွှာမှုအပေါ် အလေးထား၍ စုပေါင်းကာကွယ်စောင့်ရှောက်လျက်ရှိရာ လာမည့်ဆယ်စုနှစ်ကာလအတွင်း အိုဇုန်းလွှာပြန်လည်နာလန်ထူလာတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့ ပူးပေါင်းအကဲဖြတ်သုံးသပ်ထားသည်။
နှစ်စဉ် စက်တင်ဘာလ
၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက
အိုဇုန်းလွှာပါးလွှာလာမှုကို ဖြစ်ပေါ်စေသည့် အရာဝတ္ထုများ အသုံးပြုမှုအား ကာကွယ်ပေးသည့်
မွန်ထရီရယ်ပဋိညာဉ် (Montoreal Protocol) လက်မှတ်ရေးထိုးခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ
၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားများ ကျင်းပလာသည်မှာ ၂၀၂၄
ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၃၇ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
အိုဇုန်းလွှာဆိုသည်မှာ
အိုဇုန်းလွှာသည်
နေရောင်ခြည်မှ ကျရောက်လာသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင် သည့်အပြင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း
အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင် သည်။ ဘေးအန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည်များကို
ကာကွယ်ပေးသဖြင့် ကျန်းမာရေးနှင့် ဂေဟစနစ်ကိုလည်း ကာကွယ်ထိန်းသိမ်းပေးလျက်ရှိသည်။ ထို့ကြောင့်
အိုဇုန်းလွှာသည် မျိုးဆက် သစ်များအတွက် ဘေးအန္တရာယ်ကာကွယ်ပေးမည့် သဘာဝကပေးထားသောဒိုင်းကြီးပင်ဖြစ်သည်။
အိုဇုန်းဓာတ်ငွေ့သည်
အောင်ဆီဂျင်မှတစ်ဆင့် ဖွဲ့စည်းထားသည့်ဓာတ်ငွေ့ဖြစ်ပြီး သဘာဝအား ဖြင့် ကမ္ဘာမြေနှင့်ကပ်လျက်ရှိသည့်
လေထုထဲတွင် တွေ့ရလေ့ရှိသည်။ ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်သော အောက်ဆီဂျင်ဓာတ်ငွေ့သည်
ဒိုင်အောက်ဆီဂျင် (O2) ဖြစ်သည်။ ၎င်းဓာတ်ငွေ့သည် ကမ္ဘာ့လေထု၏ ၂၁ ရာခိုင်နှုန်းရှိသည်။
အိုဇုန်းသည် ထရိုင်အောက်ဆီဂျင် (O3) ဖြစ်ပြီး ရှားပါးသည့်ဓာတ်ငွေ့ဖြစ်သည်။ ထူးခြားသည့်အချက်သည်
ဓာတ်ငွေ့မော်လီကျူး ၁ဝ သန်းတွင် အိုဇုန်းမော်လီကျူး သုံးခုသာလျှင် တွေ့ရှိရ ခြင်းဖြစ်သည်။
သို့ဖြစ်၍ အိုဇုန်းဓာတ်ငွေ့ ၁ဝ ရာခိုင်နှုန်းကိုသာလျှင် ကမ္ဘာမြေပြင်နှင့် နီးကပ် လျက်ရှိသည့်
လေထုအတွင်း၌ တွေ့ရှိနိုင်သည်။ ထို့ထက်မြင့်မားသည့် အထက်လေထုလွှာ၌ အိုဇုန်း ၉ဝ ရာခိုင်နှုန်းခန့်
တွေ့ရှိရသည်။ ထိုအိုဇုန်းလွှာသည် ကမ္ဘာမြေထုကို နေရောင်ခြည်မှ ကျရောက်လာမည့် ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်ကို
ကာကွယ်ပေးလျက်ရှိသည်။
အိုဇုန်းလွှာထိန်းသိမ်းရေးပဋိညာဉ်များ
အိုဇိုလွှားပါးလွှာပျက်စီးလာကြောင်းကို
သိပ္ပံပညာရှင်များက တွေ့ရှိအတည်ပြုခဲ့သဖြင့် နိုင်ငံ တကာအသိုက်အဝန်းတွင် စိုးရိမ်ပူပန်မှုမြင့်တက်ခဲ့ရသည်။
ထို့ကြောင့် အိုဇုန်းလွှာကာကွယ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း
ချမှတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံပေါင်း
၂၈ နိုင်ငံမှ အိုဇုန်းလွှာကာကွယ်ရေးအတွက် ဗီယင်နာ ပဋိညာဉ်ကို ချမှတ်ပြီး လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ထိုပဋိညာဉ်မှသည် အိုဇုန်းလွှာ ကာကွယ်ရေးအတွက် မွန်ထရီရယ်ပဋိညာဉ်ကို မူကြမ်းရေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။
အိုဇုန်းလွှာပါးလွှာလာမှု
ဖြစ်ပေါ်စေသည့် အရာဝတ္ထုများ အသုံးပြုမှုကို ကာကွယ်ပေးသည့် မွန်ထရီရယ်ပဋိညာဉ် (Montoreal
Protocol) ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၎င်းစာချုပ်အရ
အိုဇုန်းလွှာပါးလွှာစေနိုင်သည့် အရာဝတ္ထုပစ္စည်းများ ထုတ်လုပ်မှုကို တဖြည်းဖြည်းလျှော့ချရပ်ဆိုင်းစေခြင်းအားဖြင့်
အိုဇုန်းလွှာကို ကာကွယ်ခဲ့သည်။ ထိုသို့ ကာကွယ်မှုကြောင့် အိုဇုန်းလွှာစံနှုန်းသည် ၁၉၈ဝ
ပြည့်လွန်နှစ်များတွင် ရှိနေခဲ့သည့်ထူထဲမှု စံနှုန်းအဆင့်သို့ ပြန်လည်ရောက်ရှိလာနေပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအကြား
အိုဇုန်းလွှာပျက်စီးလာမှုကို ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍
အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅)၊ အိုဇုန်းလွှာပျက်စီး စေသော
ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် (၁၉၈၇)၊ လန်ဒန်ပြင်ဆင် ချက်(၁၉၉၀)၊
ကိုပင်ဟေဂင်ပြင်ဆင်ချက် (၁၉၉၂)၊ မွန်ထရီရယ်ပြင်ဆင်ချက်(၁၉၉၇)၊ ပေကျင်းပြင်ဆင်ချက်
(၁၉၉၉) နှင့် ကီဂါလီပြင်ဆင်ချက် (၂၀၁၆) တို့ကို ချမှတ်ပြီး မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာ့နိုင်ငံများအားလုံး ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်။
မွန်ထရီရယ်ပဋိညာဉ်တွင်
ပြဋ္ဌာန်းထားသည့် သဘောတူညီချက်များအရ လေထုတွင်းကလိုရို ဖလူရိုကာဗွန် (CFC) နှင့် ဟေလွန်ဂျင်ကဲ့သို့သော
ဓာတ်ငွေ့များ ပိုမိုပါဝင်နေမှုကို လျှော့ချနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ရေခဲသေတ္တာများ၊
စပရေးဘူးများ၊ လျှပ်ကာပစ္စည်းများနှင့် မီးသတ်ဆေးဘူး များ အသုံးပြုသည့်အခါ CFC ဓာတ်ငွေ့များ
ထုတ်လွှတ်လေ့ရှိပါသည်။ ၁၉၈၇ ခုနှစ်လွန် ကာလတွင် အိုဇုန်းလွှာပါးလွှာစေသည့် ဒြပ်ပစ္စည်းများဖြစ်သော
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် ၁ဝ ဂစ်ဂါ တန်အထိ ရှိခဲ့သည်။
ထိုမွန်ထရီရယ်ပဋိညာဉ်ပြဋ္ဌာန်းမှုကြောင့်
လက်ရှိအချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၉ဝ ရာခိုင်နှုန်းကျော်အထိ
လျှော့ချနိုင်ပြီဖြစ်သည်။ မွန်ထရီရယ်ပဋိညာဉ်ကို အပြည့်အဝလိုက်နာဆောင်ရွက်ခြင်းအားဖြင့်
အိုဇုန်းလွှာအနေအထားသည် ၂ဝ ရာစု မတိုင်မီကာလက အာတိတ်နှင့် အန္တာတိကဒေသတို့တွင်ရှိခဲ့သည့်
အိုဇုန်းလွှာအနေအထားသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ် သည်။
ကမ္ဘာကြီးပူနွေးလာမှုနှင့်
ရာသီဥတုပြောင်းလဲမှု
မွန်ထရီရယ်ပဋိညာဉ်သည်
အိုဇုန်းလွှာပါးလွှာမှုဖြစ်ပေါ်စေသည့် ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့ (CFC) ထုတ်လွှတ်မှုကို
အဆင့်တစ်ခုအထိ လျှော့ချနိုင်သော်လည်း ရာသီဥတုအပေါ် သက်ရောက်လျက် ရှိသည့် ဆိုးကျိုးများကိုမူ
လျှော့ချနိုင်ခြင်းမရှိသေးကြောင်း သတိပေးထားသည်။ အဆိုပါ ဓာတ်ငွေ့များ သည် အိုဇုန်းလွှာအပေါ်
ထိခိုက်မှုဖြစ်စေနိုင်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့များကိုပါ ထုတ်လွှတ်နိုင် သည်။ နှစ်စဉ်
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လက်ရှိအချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု၏
ဝ ဒသမ ၅ ဂစ်ဂါတန်ခန့်ရှိသည်။ နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် တိုးတက်ထုတ်လွှတ်လျက်ရှိရာ
လာမည့် ၁ဝ စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာစေနိုင်သည်။ အိုဇုန်းလွှာပါးလွှာလာမှု
သည် ၂၁ ရာစု၏ ဒုတိယနှစ်ဝက်ကာလတွင် လေထု ထဲ၌ ရေရှည်ရပ်တည်နေသော ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည့်
ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရစ်အောက်ဆိုက်ပါဝင်မှုတို့အပေါ် များစွာတည်မီလျက်ရှိသည်။
အိုဇုန်းလွှာပျက်စီးမှုနှင့်
ရာသီဥတုပြောင်းလဲမှုတို့အကြား သိသာသည့် ဆက်နွှယ်မှုမှာ အိုဇုန်းလွှာ ပျက်စီးစေသည့်ဒြပ်ပစ္စည်းများနှင့်
မှန်လုံအိမ်ဓာတ်ငွေ့များသည် လေထုအတွင်းရှိ ဓာတ်ရောင် ခြည် ဖြာထွက်ခြင်းဖြစ်စဉ်များကို
ပြောင်းလဲစေပြီး ထိုမှတစ်ဆင့် ကမ္ဘာ့လေထုပူနွေးမှုနှင့် အိုဇုန်းလွှာ ပျက်စီးမှုကို
ပိုမိုဆိုးရွားလာစေသည်။ လူတို့၏လုပ်ဆောင်မှုများကြောင့် ထွက်ရှိသည့် အကျိုးမပြု သောအိုဇုန်းတိုးလာသဖြင့်
ရလဒ်အနေဖြင့် ထရိုပိုစဖီးယားအလွှာကို သာမန်ထက်ပူနွေးလာစေပြီး လူတို့အသုံးပြုသည့် အအေးပေးဒြပ်ပစ္စည်းများ
လေထုထဲသို့ အငွေ့ပြန်ရောက်ရှိပါက မှန်လုံအိမ် အာနိသင်ရှိသည့် အိုဇုန်းမော်လီကျူးများ
ပျက်စီးပြီး စထရာတိုစဖီးယားအလွှာကိုမူ ပိုအေးလာစေသည်။ စထရာတိုစဖီးယားအလွှာတွင် ပိုမိုအေးလာခြင်းကြောင့်
တိမ်များပိုမိုဖြစ်ထွန်းလာရာမှ ဝင်ရိုးစွန်းဒေသတွင် အိုဇုန်းလွှာပြန်လည် ဖွဲ့စည်းရန်
နှေးကွေးပြီး အိုဇုန်းလွှာအပေါက်ဖြစ်ပေါ်မှု များပြားလာစေသည်။
အိုဇုန်းလွှာပျက်စီးစေသော
အဓိကဒြပ်ပစ္စည်းများဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန်
(HCFC) များစသည့် ကလိုရင်းပါဝင်သော ဓာတ်ငွေ့များသည်
ကမ္ဘာကြီးပူနွေးမှု အလားအလာမြင့်သည့် မှန်လုံအိမ်အာနိသင်ရှိသော ဓာတ်ငွေ့များဖြစ်သည့်အတွက်
ရာသီဥတုပြောင်းလဲမှု ပိုမိုဖြစ်ပေါ်စေရန် တွန်းအားပေးသည်။ ကလိုရို ဖလူရိုကာဗွန်ဓာတ်ငွေ့များသည်
လေထုအတွင်း ၅၅ နှစ်မှ နှစ်ပေါင်း ၁၄၀ ခန့်အထိ တည်ရှိနိုင်သည်။ ၎င်းတို့တွင်ပါဝင်သည့် ကလိုရင်းအက်တမ်တစ်လုံး သည် စထရာတိုစဖီးယား
လေထုအလွှာရှိ အိုဇုန်း မော်လီကျူးအရေအတွက် ၁၀၀၀၀၀ အထိ ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်
အပေါ် သက်ရောက်မှုရှိနေသည်။
နောက်ပိုင်းတွင်
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) များအစား ဟိုက်ဒရိုဖလူရိုကာဗွန်(HFC )များ ကို အစားထိုးသုံးစွဲခဲ့ကြသည်။ ထိုအစားထိုး အသုံးပြုသည့် ဓာတ်ငွေ့အရောအနှောများသည်
အိုဇုန်းလွှာပျက်စီးမှုညွှန်းကိန်းမရှိသော်လည်း ကမ္ဘာကြီးပူနွေးမှု အလားအလာကို တိုးမြင့်စေသည်။
နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် ကမ္ဘာကြီးပူနွေးမှု တိုးမြင့်လာသောကြောင့် ရာသီဥတုပြောင်းလဲမှုများ
ပိုမိုဖြစ်ပေါ်လာပြီး ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် အပူချိန်မြင့်မားမှုကြောင့်
ရေငွေ့ပြန်နှုန်းများခြင်းနှင့် မိုးရွာသွန်းမှုနည်းခြင်းကြောင့် မိုးခေါင်ခြင်း၊ ရေချို
အရင်းအမြစ်ဆုတ်ယုတ်ခြင်း၊ မိုးရွာသွန်းမှုမမှန်ခြင်း၊ ရေကြီးခြင်း၊ ပင်လယ်ရေမျက်နှာပြင်
မြင့်တက်လာ ခြင်းကြောင့် စိုက်ပျိုးမြေ၊ မြို့ပြဧရိယာများ ဆုံးရှုံးခြင်း၊ ဂေဟစနစ်များ
ပျက်စီးဆုံးရှုံးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာပြီး မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ
ဖြစ်ပေါ်လာစေပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ယင်းပစ္စည်းများနေရာတွင်
အစားထိုးအသုံးပြုသော ကမ္ဘာ့ပူနွေးမှု မြင့်မားစေသည့် အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုမှုလျှော့ချ
ရပ်ဆိုင်းခြင်းသည် အိုဇုန်းလွှာကို ကာကွယ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးကိုလည်း
အထောက်အကူဖြစ်စေသည်။
အိုဇုန်းလွှာထိန်းသိမ်းရေး
အားလုံးပူးပေါင်းဆောင်ရွက်ပေး
ဆိုရလျှင် နှစ်စဉ်စက်တင်ဘာ
၁၆ ရက်သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်သည်။ အိုဇုန်းလွှာသည် လူသားတို့ကို
နေရောင်ခြည်မှ ကျရောက်လာသည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကို ကာကွယ်ပေးလျက်ရှိသည်။
ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့သည် ကမ္ဘာ့အိုဇုန်း လွှာကို ပါးလွှာမှုမြင့်မားစေနိုင်သည့်
အလားအလာရှိနေသည်။ စားသောက်ကုန်များ ထုတ်လုပ်ရာမှ ထွက်ပေါ်လာသော နိုက်ထရစ်အောက်ဆိုက်သည်
ဖန်လုံအိမ်ဓာတ်ငွေ့အပြင် အိုဇုန်းလွှာပါးလွှာလာမှု ဖြစ်ပေါ်စေသည့်ဓာတ်ငွေ့လည်းဖြစ်သည်။
ထို့ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်မှုနှင့် ကမ္ဘာကြီးပူနွေး လာမှုကြောင့် ဖြစ်ပေါ်လာသော
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လျှော့ချနိုင်ရေးအတွက် အိုဇုန်းလွှာ ပါးလွှာမှု မဖြစ်ပေါ်စေရန်
ဝိုင်းဝန်းထိန်းသိမ်းသွား ကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။ ။
ကိုးကား။ နေ့စဉ်ထုတ်သတင်းစာများ။

No comments:
Post a Comment