နေပြည်တော် စက်တင်ဘာ ၁၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လှေခွင်း တောင်သာသနာ့နယ်မြေရှိ ဓမ္မာရုံ၌ ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ညောင်ပင်ကြီးရွာ၊ ချောင်းကမ်းကြီးရွာ၊ ရွာသစ်ကြီးရွာ၊ စည်ပင်ကြီးရွာ၊ စည်ပင်သာယာရွာ၊ ကန်ဦးရွာ၊ ဝက်စုရွာ၊ ကျည်တောင်ကျေးရွာတို့မှ ပြည်သူ ၃၅၀၀ နှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ရေဘေးသင့်ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို ဆောင်ရွက်ပေးနေသည့်
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သည့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို
ပိုမိုဆောင်ရွက်ပေးရေး၊ သောက်သုံးရေများ အပြည့်အဝ ရရှိရေး၊ ဝမ်းပျက်ဝမ်းလျှောနှင့်
ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး လိုအပ်ချက်များကိုလည်း
ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ရေဘေးသင့်ခဲ့သည့် ပြည်သူများအား စက်မှုဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် ၂၁၃၅၀၀၀၀
(နှစ်ရာတစ်ဆယ့်သုံးသိန်းငါးသောင်း) တန်းဖိုးရှိ အဝတ်အထည်၊ စောင်၊ ဆန်၊ ဆီ၊ ဆေးဝါး၊
ဓာတ်ဆားထုပ်များ၊ အစားအသောက်များ၊ အသုံးအဆောင် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများနှင့်
တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား အလှူရှင်များနှင့် ပရဟိတအသင်း၊အဖွဲ့များ၏
ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment