မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အက်ဖ်အေအိုအစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းတွင် သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်လျက်ရှိရာ နှစ်စဉ် သစ်တောပြုန်းတီးမှု ရာခိုင်နှုန်းသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံအတွင်း သစ်တောများဖုံးလွှမ်းတည်ရှိသည့် ဒေသအချို့ရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းပါများက သစ်များကို ဥပဒေမဲ့ခုတ်လှဲရောင်းချစီးပွားရှာနေကြကြောင်း ဒေသ သတင်းများအရ သိရှိရသည်။
မိမိတို့နိုင်ငံတွင်
ယခုနှစ်မိုးရာသီကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံးတွင်
သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်လျက်ရှိသည်။ သစ်ပင်များ စိုက်ပျိုးခြင်း၊
သစ်တောများထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းတို့သည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို
လျော့နည်းစေသည်။ သစ်ပင်သစ်တောများသည် လူနှင့် သက်ရှိသတ္တဝါတို့ ရှင်သန်နေထိုင်ရာ သဘာဝပတ်ဝန်းကျင်
ရေ၊ မြေ၊ လေတို့ကို ကောင်းမွန်တည်တံ့စေရန် အကျိုးပြုသည်။ သစ်ပင်၊ သစ်တောတို့က ရာသီဥတုမျှတစေရန်၊
မြေတိုက်စားမှုကာကွယ်ရန်၊ ရေကြီးရေလျှံမှုကာကွယ်ရန်၊ ဆည်မြောင်း၊ မြစ်ချောင်းများတွင်
အနည်များပို့ချ၍ တိမ်ကောမှုကို ကာကွယ်ရန်လည်း အကျိုးကျေးဇူးပြုသည်။ သို့ဖြစ်ရာ ဆည်များ၊
ကန်များ၏ ရေဝေရေလဲ ဒေသများတွင် သစ်တောများ စိမ်းစိုဖုံးလွှမ်းနေရန် လိုအပ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကင်းသာချောင်းတစ်လျှောက် တောင်ကျရေများ အရှိန်အဟုန်ဖြင့်
စီးဆင်းခဲ့ရာ ၇၂ ဧကပေသာ သိုလှောင် ထိန်းသိမ်းနိုင်သော ကင်းသာရေထိန်းတမံအတွင်းသို့ ၎င်းသိုလှောင်နိုင်စွမ်းထက်
၁၂ ဆခန့် ပိုသည့်ရေများ စီးဝင်လာခြင်း၊ သစ်တုံးကြီးများ၊ နုန်းများ၊ သဲများ တမံအတွင်း
အများအပြားဝင်ရောက် လာခြင်းတို့ကြောင့် တမံထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်စဉ်သည်
ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားထုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို
ထိန်းသိမ်းနိုင်စွမ်း အားနည်းလာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့်
စီးဆင်းခဲ့ခြင်းဖြစ်သည်။ သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်းနဖူးများတွင်
စုပုံထားခြင်းကြောင့် ရေစီးနှင့်အတူ မျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှု များကြောင့်
ရေလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သစ်တောများ ဖုံးလွှမ်းသည့်နေရာတွင်
သစ်ပင်ရွက်အုပ်များက ရေစီးမှုကို ၇ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ လျော့ကျစေသည်ဟု
သုတေသီတို့က ဆိုသည်။ ရေစီးမှုလျော့ကျသည့်အခါ မြေတိုက်စားမှုလည်း လျော့ကျပြီး ဆည်များ၊
ကန်များအတွင်း နုန်းအနည်ပို့ချမှု လျော့ကျကာ ဆည်များ၊ ကန်များ သက်တမ်း ရှည်စေသည်။ ထို့အပြင်
သစ်တောများကြောင့် ရေစီးမှုလျော့ကျ ခြင်းက မြေအောက်ရေကို ပိုမိုစိမ့်ဝင်စေပြီး ရေဝေရေလဲဒေသများ၏
မြေအောက်ရေကို ဖြည့်ဆည်းပေးနိုင်သည်။ သစ်ပင်များ အများအပြား ထုတ်ယူခြင်း၊ သစ်တောများ
ပျက်စီးခြင်းကြောင့် ဆည်များ၊ ကန်များ တိမ်ကောပျက်စီးရသည့်ဖြစ်စဉ်များ ရှိနေရာတွင်
ယခု ကင်းသာရေထိန်းတမံပျက်စီးမှုမှာ ထင်သာမြင်သာသည့် ဖြစ်စဉ်ပင်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ
လျှော့ချရေး၊ ရေ၊ မြေ၊ လေ သဘာဝပတ်ဝန်းကျင်များ ကောင်းမွန်စွာ တည်တံ့ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ
ကာကွယ်ရေးတို့တွင် အကျိုးကျေးဇူး ကြီးမားလှသည့် သစ်ပင်၊ သစ်တောများ စိုက်ပျိုးတည်ထောင်ရေး၊
မပျက်မစီးအောင် ထိန်းသိမ်းရေးတို့တွင် နိုင်ငံသူ နိုင်ငံသားတိုင်းက တာဝန်ကျေပွန်စွာ
ပါဝင်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment