နေပြည်တော် စက်တင်ဘာ ၁၅
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်ကာ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။
ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း
ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို
အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက်
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့တွင်လည်း ရေကြီးရေလျှံဖြစ်ပေါ်နေသည့်
လယ်ဝေးမြို့နယ်၊ နနွင်းအိုင်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊
အောင်သပြေကျေးရွာ၊ ကြို့တန်းကျေးရွာ၊ သရက်ချောင်းကျေးရွာ၊ လက်ပံတန်းကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာများသို့လည်းကောင်း၊
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်၊ ရမည်းသင်းမြို့နယ်တို့၌လည်းကောင်း
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်
လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်
ရေများပြန်လည်ကျဆင်းသွားသည့်နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း၌တင်ကျန်ခဲ့သည့်နုန်းများ၊
သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍
တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊
ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ကိုးခန်းကြီးဓမ္မာရုံနှင့် လှေခွင်းတောင်ပရဝုဏ်အတွင်း
သာသနိကအဆောက်အဦများ၌ ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအတွက်
ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများသည် သွားရောက်တွေ့ဆုံ
အားပေးစကား ပြောကြားပြီး ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊
ဆား၊ ကုလားပဲ၊ ငပိများနှင့် ထမင်းထုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး ရေဘေးရှောင်ယာယီစခန်းများ၌
နယ်မြေခံတပ်မတော်ဆေးရုံမှ ဖွင့်လှစ်ပေးထားသော ဆေးခန်းများတွင် ကျန်းမာရေးစစ်ဆေးပေးနေမှုများအား
လှည့်လည်ကြည့်ရှုအားပေးသည်။
ရေကြီးမှုကြောင့်
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/ တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင်ဘေလီတံတားများ
အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဆင်တဲကြီးကျေးရွာနှင့်
ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာသို့ ဆက်သွယ်ထားသော သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)
နှင့် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ်၊ ဒိုးပင်းကုန်းကျေးရွာသို့
ဆက်သွယ်ထားသော သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) တံတား -၂ စင်းတို့အား ယာယီဘေလီတံတားအစားထိုးခြင်းကို
ယနေ့ညနေပိုင်းတွင် ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ပြင်ဆင်နိုင်ရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
ရေကြီးရေလျှံမှု
ဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများ
စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
စေတနာရှင်ပြည်သူများက ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာ များကို လိုက်လံဝေငှပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်၊
ကျေးရွာ၊ ရပ်ကွက်များသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင်လည်း အကူအညီလိုအပ်သည့်နေရာများသို့
ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီပေးလျက်ရှိသည်။
ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ
တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက်
ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ ရင်းရင်းနှီးနှီး အားပေးစကားများ
ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင်
ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်
(တောင်ပိုင်း) နှင့် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၇၈ မြို့နယ်နှင့်
ရပ်ကွက်၊ ကျေးရွာပေါင်း ၅၃၁ ရွာ တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ
၁၀ ရက်မှ ၁၄ ရက် ညပိုင်းအထိရရှိသော စာရင်းများအရ ပြည်သူ ၁၁၃ ဦး သေဆုံးခဲ့ပြီး ၁၂၀ ဦး
ပျောက်ဆုံးလျက်ရှိကြောင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်
တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် အထက်ပါရပ်ကွက်၊ ကျေးရွာများအတွင်း
ရေကြီးရေလျှံခဲ့မှုကြောင့် တံတား ၂၅ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း
၁ ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူနှင့် လူနေအိမ် ၇၉၇၄၅ လုံး ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး
မော်တော်ကားလမ်း၊ မီးရထားလမ်းနှင့် လျှပ်စစ်မီးတိုင်အချို့ ရေတိုက်စားမှုများကြောင့်
ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။




No comments:
Post a Comment