ရန်ကုန် ဇွန် ၁၀
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂) ဖွင့်လှစ်ပြီးနောက် မြဝတီမြို့သို့ ထိုင်းဘက်မှ ပုံမှန်ကုန်ပစ္စည်းများ တင်သွင်းနေပြီး သယ်ယူပို့ဆောင်ရေးသာ ကြန့်ကြာမှုရှိနေကြောင်း အဆိုပါမြို့တွင်နေထိုင်သူ ကုန်သည်များထံမှ သိရသည်။
“ကုန်သွယ်မှုကတော့ ပုံမှန်ပဲဆိုပေမယ့် လမ်းခရီးမှာတော့ ကုန်ကားတွေက ရက်ကြာတယ်။
မိုးတွင်းနဲ့ လက်ရှိလမ်းတွေက အခုချိန်မှာ ဗွက်တွေဖြစ်နေတော့ နစ်တာပါ။
သယ်ယူပို့ဆောင်ရေးမှာတော့ ကြန့်ကြာတာတွေရှိတယ်လို့ ပြောရမယ်။
တစ်ရက်ကို
ဘယ်နှစီးလောက်ဆိုတာမျိုးတော့ ဒီနောက်ပိုင်း ပုံမှန်မရှိတော့ဘူး။ ပုံမှန်မရှိတော့ဘူးဆိုတာက
လမ်းခရီးကြောင့်နဲ့နောက် သွင်းကုန်လိုင်စင်တွေ နည်းနည်းကျဖို့ ခက်ခဲတာနဲ့ဆိုတော့ တောက်လျှောက်ကတော့
တာချီလိတ်တို့ ကော့သောင်းတို့ကိုလည်း ပြောင်းသွားကြတာတွေရှိတော့ ပုံမှန်မရှိဘူး”
ဟု မြို့ဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။
လမ်းခရီး
အဆင်ပြေမှုများက ပြည်တွင်းသို့ သယ်ယူမှုများပြီး ရာသီဥတုအခြေအနေကြောင့်
လမ်းပိတ်ပါက လျော့ကျသွားလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။
“မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂) ဖွင့်လှစ်ပြီးနောက် အဝင်ကတော့
ပုံမှန်ပါပဲ။ ဒီဘက်ကလမ်းခရီးအခြေအနေကြောင့် ဟိုဘက်ကို
ရက်ရွှေ့တာမျိုးတွေပဲရှိတာပါ။ အဝင်ကတော့ ပုံမှန်ပါပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင်
ဒေါနတောင်လမ်းဟောင်းနှင့် ထောကိုကိုးလမ်း အစရှိသည့် တောလမ်းများကို
အသုံးပြုသွားလာနေကြကြောင်းလည်း ၎င်းကပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက်
မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်ခဲ့သော်လည်း ယခုအခါ ရေပြန်ကျသွားပြီဖြစ်ကြောင်းလည်း
သိရသည်။ “တောင်ကျချောင်းကြောင့် ရေကြီးနေတာ မဟုတ်ပါဘူး။ မိုးရွာတော့မိုးရေများလို့
မြောင်းရေကြောင့် လမ်းမှာရေလျှံတာမျိုးပါပဲ။ ရေအများကြီးကြီးတာတော့ မဟုတ်ပါဘူး”ဟု မြဝတီမြို့ခံတစ်ဦးက
ပြောသည်။
MT

No comments:
Post a Comment