ရန်ကုန် ဇွန် ၁၈
အာဆီယံဒေသတွင်းရှိ နိုင်ငံများတွင် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာစသည့် ထူးခြားစွာတည်ရှိနေသော သဘာဝထိန်းသိမ်းရေး နယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထိန်းသိမ်းထားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ကြွယ်ဝလျက်ရှိ၍ အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန် ဇွန်လနောက်ဆုံးပတ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များသို့ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နတ်မတောင်အမျိုးသား ဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးကန်ဘေးမဲ့တော၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပုပ္ပားတောင်အမျိုး သားဥယျာဉ်နှင့်ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့မှ အုပ်ချုပ်ရေးမှူးများနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများသည် ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ လေ့လာရေးခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံတွင်ရှိသော ထင်ရှားသည့်အာဆီယံအမွေ အနှစ်ဥယျာဉ်များကို သွားရောက်လေ့လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဥယျာဉ်များဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းတော်ကြီး ကန်ဘေးမဲ့တောတို့ဖြင့် အာဆီယံ အမွေအနှစ်အမျိုးသားဥယျာဉ်ကြီး ရှစ်ခုရှိပြီး သဘာဝထိန်းသိမ်းရေး နယ်မြေအချို့ကိုလည်း အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များအဖြစ် ဆက်လက်အသိအမှတ်ပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံအမွေအနှစ် ဥယျာဉ်များဖြစ်သည့် Gunung Leuser National Park၊ Lorentz National Park နှင့် Kerinci Seblat National Park တို့မှာ လူသိများထင်ရှားပြီး အမျိုးသားဥယျာဉ် ၁၀ ခုသို့ ပြည်ပခရီးသွားများ နှစ်စဉ်လာရောက် လည်ပတ်လျက်ရှိသည်။ အာဆီယံအမွေအနှစ်ဥယျာဉ်များအဖြစ် ဗီယက်နမ်တွင် ၁၀ ခု၊ ဖိလစ်ပိုင်တွင်ကိုးခု၊ မြန်မာနိုင်ငံတွင်ရှစ်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင်ခုနစ်ခု၊ ထိုင်းတွင်ခြောက်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ စင်ကာပူတွင်နှစ်ခု၊ ကမ္ဘောဒီးယားတွင်နှစ်ခု၊ ဘရူနိုင်းတွင် တစ်ခုနှင့်လာအိုနိုင်ငံတွင် တစ်ခုတို့ဖြင့် စုစုပေါင်းအာဆီယံအမွေအနှစ် ဥယျာဉ် ၄၉ ခုကိုသတ်မှတ်ထားပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသည်။
ထိုသို့သော လေ့လာရေးခရီးစဉ်များမှ နိုင်ငံ၏ဇီဝမျိုးစုံမျိုးကွဲများစုဝေးရာ ရတနာများဖြစ်သည့် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ထိန်းသိမ်းမှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေခြင်း၊ အမျိုးသားဥယျာဉ်များ ကွန်ရက်ထိန်းသိမ်းမှုနှင့် စီမံအုပ်ချုပ်မှုကို မြှင့်တင်စွမ်းဆောင်ပေးနိုင်ခြင်း၊ အာဆီယံဒေသတွင်းအဆင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုလက်တွဲ ပူးပေါင်းလုပ်ဆောင်လာနိုင်ခြင်းနှင့် ဒေသအသိုက်အဝန်းအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများရေရှည်တည်တံ့မှုမှ အာဆီယံနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အနာဂတ်ကာလကို အကျိုးပြုစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်းသိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး
No comments:
Post a Comment