ထားဝယ် ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းဝင်းအတွင်း ပူးပေါင်းအဖွဲ့များက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော မိုးလေဝသသတင်းအခြေအနေများကို စဉ်ဆက်မပြတ်နားထောင်ရန် အသိပေးကြေညာခြင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့်ပတ်သက်သည့် အရောင်သတ်မှတ်ချက်ပြောင်းလဲမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာခြင်း၊ မုန်တိုင်းသည်ပိုမိုအားကောင်းလာပြီး လိမ္မော်ရောင်အဆင့်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရရှိမှုကြောင့် သဏ္ဍာန်တူဆောင်ရွက်ထားသည့် မုန်တိုင်းဒဏ်ခံအဆောက်အဦ Multi-Purpose Shutter သို့ ပြောင်းရွှေ့ကြရန်ကြေညာခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကလေးမိခင်များ၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်တို့ကို မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေး ယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ကယ်ဆယ်ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် မုန်တိုင်းလှုပ်ခတ်ပြီးသည့်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦနှင့် သစ်ပင်များအတွင်း၌ ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍လျင်မြန်စွာကယ်ထုတ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကိုလွှဲပြောင်းပေးအပ်ရာ အရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့များက ဆက်လက်သယ်ဆောင်၍ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွအသက်ရှုနည်းဖြင့် ပြုစုပေးခဲ့ကြပြီးကယ်ဆယ် ရေးယာဉ်ဖြင့်တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ကျောင်းသားမိဘများထံအပ်နှံခြင်းတို့ကိုအချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းအခြေပြုမုန်တိုင်းဘေး ဇာတ်တိုက်ပြုလုပ်ရခြင်းသည် လူအများစုဝေးသော နေရာဖြစ်သည့်အတွက် ထိခိုက်မှုနှင့်အန္တရာယ် ပိုများသောနေရာဖြစ်သောကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်ကြိုတင်ပြုလုပ်ရခြင်း အကြောင်းသည် အခုချိန်တွင်အေးချမ်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ပေမဲ့လည်း တကယ်ဖြစ်ပေါ်လာပါက ထိခိုက်မှုများလည်းဖြစ်နိုင်သောကြောင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန် ကြိုးစားလှုပ်ရှားရနိုင် ကြောင်း၊ ယခုဇာတ်တိုက်လေ့ကျင့်ထားသောကြောင့် လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းဘေးဖြစ်ပေါ်ပြီးချိန်တွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဝင်ရောက်လာပါက စနစ်တကျလုပ်ကိုင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊ ကျောင်းအခြေပြု မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်မှုများတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်းပါဝင် သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)
No comments:
Post a Comment