Wednesday, June 19, 2024

သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသောသစ်ပင်များ ရှင်သန်ကြီးထွားရေးကို ဝိုင်းဝန်းပြုစု ထိန်းသိမ်းစောင့်ရှောက်


နေပြည်တော် ဇွန် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာရှိ အများပိုင်မြေနေရာ၌ ကျွန်းပင် ၃၀၀၊ ပျဉ်းကတိုး ၁၅ ပင်၊ ပိတောက်ပင် ၁၀၀၊ တမာပင် ၁၀၀၊ ကုက္ကိုပင် ၂၅၀၊ မန်ကျည်းပင် ၁၅၀၊ ကြိမ်ရိုး ၁၅ ပင်၊ မဲဇလီပင် ၁၀၀ ၊ ကံ့ကော် ၁၀ ပင်၊ ခရေပင် သုံးပင် စသည့်အရိပ်ရနှစ်ရှည်ပင် ၅၁၃ ပင်ကို စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တစ်ပြိုင်တည်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသောသစ်ပင်များ ရှင်သန်ကြီးထွားရေးကို သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပြုစုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများက ကျွန်း၊ ပိတောက်၊ တမာ၊ ကုက္ကို၊ မဲဇလီ စသည့်အရိပ်ရနှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာရှိ မွေးမြူရေးအစုအဖွဲ့များမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင် ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေ၊ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစီမံကိန်း (IPRCC) ရန်ပုံငွေတို့ဖြင့် အသားတိုးဝက်များ မွေးမြူထားရှိမှုလည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကျေးရွာကော်မတီတို့ပူးပေါင်း၍ စက်ရက်ကန်းဖြင့် ပိတ်စများစမ်းသပ်ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ရုံးများ၌လည်းကောင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ထမ်းများက ပျိုးပင်များကို စုပေါင်းစိုက်ပျိုး ပေးကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ တွင် ကျွန်းပင် ၃၀၀၊ ပျဉ်းကတိုး ၁၅ ပင်၊ ပိတောက် ၁၀၀၊ ရေတမာ ၁၂၅ ပင်၊ ကုက္ကို ၂၅၀၊ ခရေ ၂၃ ပင်၊ ကံ့ကော် ၁၀ ပင်၊ မန်ကျည်း ၁၅၀၊ ကြိမ်ရိုး ၁၅ ပင်၊ မဲဇလီ ၁၂၀၊ မဟော်ဂနီ ၄၅ ပင်၊ စက္ကူပန်းပင် ၄၀၊ နွယ်သာကီ ၁၅၀၊ ပန်းအိပင် ၄၀၊ ငုဝါ ၄၅ ပင်၊ စိန်ပန်း ၄၅ပင်နှင့် ပျဉ်းမပင် ၂၀ စသည့် အရိပ်ရနှစ်ရှည်ပင်အမျိုးအစား ၁၇ မျိုး စုစုပေါင်း ၁၄၉၃ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment