နေပြည်တော် ဇွန် ၁၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အမှတ် (၁၀)
အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား
ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ
ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ၂၀၂၄ ခုနှစ် မေ ၃၁ ရက်သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ “World No Tobacco Day” ဖြစ်၍
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့်
ကျန်းမာသောလူနေမှုဘဝပုံစံ ရရှိစေရေးအတွက် အားလပ်ချိန်များတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်သွားရန်နှင့်
ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးကြရန်၊ ဆေးလိပ်၊
ဆေးရွက်ကြီးနှင့် Electronic Smoking Devices သုံးစွဲမှုသည်
အန္တရာယ်အလွန်ကြီးမားသည့်အတွက် E-cigarette၊ Vape နှင့် Heated Tobacco Product များ၊ Electronic
အငွေ့ရှူစက်များ၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကလေးလူငယ်
ဘဝမှစတင်ပြီး မသုံးစွဲကြရန်၊ မိမိမိသားစုအတွက်၊ မိမိတိုင်းပြည်အတွက်
အကျိုးပြုနိုင်သူများဖြစ်အောင် အသိပညာ၊ အတတ်ပညာများနှင့် အထွေထွေဗဟုသုတများကို
ကြိုးစားရှာဖွေသင်ယူပြီး မှန်ကန်သည့် အတွေးအခေါ်နှင့် ဉာဏ်ပညာများရရှိစေရန် စာအုပ်စာပေကောင်းများကို
ရွေးချယ်ဖတ်ရှု၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင်
ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာရဲဖြိုးက ဆေးလိပ်၊ ဆေးရွက်ကြီးအကြောင်း၊ Electronic အငွေ့ရှူစက်များသုံးစွဲမှု၏ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများနှင့်
ဆေးလိပ်၊ ဆေးရွက်ကြီးဖြတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို
ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပြီး လူငယ်ရေးရာဦးစီးဌာနမှ
ဝန်ထမ်းများက Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းနှင့်
ဉာဏ်စမ်းပဟေဠိမေးခွန်း မေးမြန်းဖြေကြားခြင်းအစီအစဉ်များကို ဆောင်ရွက်ကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်တို့ထံ အားကစားပစ္စည်းများနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
အသိပညာပေးဟောပြောပို့ချပေးသည့် ဒေါက်တာရဲဖြိုးနှင့် Fitness Dance အဖွဲ့တို့ကို
ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ဂုဏ်ပြုပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို
ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment