Tuesday, June 18, 2024

မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇွန် ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

စနစ်တကျဆောင်ရွက်လျက်ရှိ

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မဲစာရင်းပြုစုရာတွင် မှန်ကန်စေရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် မြေပြင် ကွင်းဆင်းကောက်ယူရေးဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေး ဗဟိုကော်မတီမှ အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်းများ ကို ကော်မရှင်သို့ ပေးပို့လျက်ရှိရာ လူဦးရေစာရင်း (ပထမမူကြမ်း) နှင့် (ဒုတိယမူကြမ်း) တို့ကို လက်ခံ ရရှိပြီးဖြစ်ကြောင်း၊ အဆိုပါရရှိသည့် စာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံ ခန့်ခွဲခြင်းစနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် (Central Voter List Management System) တို့ကို အသုံးပြုပြီး မြို့နယ်အလိုက် မဲရုံတစ်ခုချင်းစီ အထိ စာရင်းထည့်သွင်းခြင်းများ ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း။

မဲစာရင်းများ မှန်ကန်စေရန်

ယခု အလုပ်ရုံဆွေးနွေးပွဲကို မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်များ အသုံးပြုရာမှ ရရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများ၊ မဲစာရင်းပြုစုရေးနှင့်သက်ဆိုင် သည့် နည်းပညာများကို ရှင်းလင်း ဆွေးနွေးမျှဝေနိုင်ရန်နှင့် နည်းပညာအသုံးပြု၍ မဲစာရင်းများ မှန်ကန်စေရန်အတွက် ပြုလုပ် ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် လူဦးရေစာရင်းနှင့် သက်ဆိုင်သည့် File ၊ Folder များ စီမံခန့်ခွဲခြင်း၊ e-ID လူဦးရေ စာရင်းများကို စစ်ဆေးခြင်းနှင့် သန့်စင်ခြင်း၊ လူဦးရေစာရင်းများ ကို Admin and DEO Software များအသုံးပြု၍ ပြုစုခြင်းနှင့် ထည့်သွင်းခြင်း၊ ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် CVLMS သို့ ထည့်သွင်းခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း၊ ထည့်သွင်းပြီးစာရင်း များနှင့် ထပ်မံရောက်ရှိလာသည့် စာရင်းများကို တိုက်ဆိုင်စိစစ်ခြင်းစသည့်လုပ်ငန်းများကို ပြည့်ပြည့် စုံစုံ ဆွေးနွေးသွားရန် လိုသကဲ့သို့ စနစ်များ အသုံးပြုရာ၌ မှားတတ်သောအမှားများကို လက်တွေ့ချပြ ရှင်းလင်းဆွေးနွေးသွားရန်လိုမည်ဖြစ်ကြောင်း၊ သို့မှသာ ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများအနေ ဖြင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီး မဲစာရင်းများ ပြုစုရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျင်းပသွားမည်

အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment