ရန်ကုန် ဇွန် ၁၉
မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင်ရှိသည့် ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ်လာရောက်လည်ပတ်သူ များပြားနေပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူဦးရေ ထောင်ချီအထိရှိနေကြောင်း မော်လမြိုင်မြို့ ဒေသခံများနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။
ဇင်းကျိုက်ရေတံခွန်၌
မေလခန့်မှစ၍သီတင်းကျွတ်လအထိ ရေကစားနိုင်ပြီး ဒေသခံများအပြင် မော်လမြိုင်၊ သထုံ၊
ဘားအံ အစရှိသည့်နေရာဒေသများမှ နေ့စဉ်လာရောက်လည်ပတ်သူ များပြားလျက်ရှိကာ စနေ၊
တနင်္ဂနွေရုံးပိတ်ရက်တို့တွင် ရေတံခွန်သို့လာရောက်လည်ပတ်သူဦးရေမှာ ၁၀၀၀ မှ ၃၀၀၀
ဝန်းကျင်ခန့်အထိ များပြားကြောင်း အဆိုပါရေတံခွန်အနီးရှိ အောင်နဝရတ်လူမှုကူညီရေးအသင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထောင်နဲ့ချီလာ
“ဇင်းကျိုက် ရေတံခွန်ကို လာတဲ့သူတွေများတယ်။ ဒီနေ့လည်း လာတဲ့သူတွေများတယ်။
ဒေသခံတွေအပြင် ဘားအံ၊ သထုံ၊ မော်လမြိုင် အစရှိတဲ့နေရာဒေသတွေက လူတွေလည်း လာကြတာရှိတယ်။
ဒီနေ့ရုံးဖွင့်ရက်တောင် လူတော်တော်များတယ်။ ပိတ်ရက်တွေဆိုရင် လူတော်တော်လာတယ်။
စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆို ထောင်နဲ့ချီလာတယ်၊ ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀ လောက်အထိရှိတယ်။
ရေတံခွန်ကတော့ အရင်ကဆိုရင် တစ်နှစ်ပတ်လုံးရေကျတယ်။ အခုနောက်ပိုင်းက တစ်နှစ်ပတ်လုံးရေမကျတော့ဘူး။
ဘာကြောင့်လဲဆိုရင် အဲဒီအပေါ်ကနေ ရေပိုက်တွေနဲ့ ရွာထဲကအိမ်တွေကို ပေးဖို့အတွက်
ရေတွေသွယ်လိုက်တော့ ရေကတစ်နှစ်ပတ်လုံး မကျတော့ဘူး။ ရေတံခွန်မှာတော့
မေလလောက်ကနေစပြီး သီတင်းကျွတ်လောက်အထိ ရေရှိပါတယ်”ဟု လူမှုကူညီရေးအသင်းမှ
တာဝန်ရှိသူက ပြောသည်။
များပြား
ပြီးခဲ့သည့်နှစ်က
ဝါဆိုလပိုင်းလောက်မှသာ လာရောက်လည်ပတ်သူများသော်လည်း ယခုနှစ်တွင်
ဇင်းကျိုက်ရေတံခွန်သို့ လာရောက်လည်ပတ်သူ ဦးရေမှာ ယခင်နှစ်ထက်ပို၍ များပြားကြောင်းလည်း
ဒေသခံများထံမှ သိရသည်။
“အခုလို လာရောက်လည်ပတ်သူများတော့ အဲဒီအနားက စျေးရောင်းတဲ့သူတွေ၊ အစားအသောက်
ရောင်းတဲ့သူတွေလည်း အဆင်ပြေကြတယ်။ အဲဒီနားလေးမှာ ဆိုင်ကယ်အပ်ခက ငွေကျပ် ၁၀၀၀၊
ကားတစ်စီးအပ်ခ ငွေကျပ် ၁၅၀၀ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရေတံခွန်သို့
လာရောက်လည်ပတ်သူများ အဆင်ပြေစေရန်အတွက် ရေတံခွန်အနီး ချော်လဲတတ်ကြောင်းနှင့်
အမြင့်တက်လျှင် အန္တရာယ်ရှိသည့် နေရာများတွင် သတိပေးစာများ ကပ်ထားပေးသလို
လုံခြုံရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့နှင့် ရပ်ကွက်တို့ ပူးပေါင်း၍
ခရီးသွားပြည်သူများကို
သတိထားစောင့်ရှောက်ပေးလျက်ရှိကြောင်း
သိရသည်။
MT
No comments:
Post a Comment