Saturday, June 22, 2024

(၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

 


နေပြည်တော် ဇွန် ၂၁

ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံးမှကြီးမှူးကျင်းပသည့် (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (10th International Day of Yoga) အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်‌တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ အိန္ဒိယသံရုံးမှကောင်စစ်ဝန် Shri.R.C. Yadav ၊ အိန္ဒိယနိုင်ငံဆက်ဆံရေးရုံးမှ ပထမအတွင်းဝန်နှင့် ဆက်ဆံရေးရုံးအကြီးအကဲ Ms. Ritu Yadav နှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ အိန္ဒိယနိုင်ငံဆက်ဆံရေးရုံးမှ ပထမအတွင်းဝန်နှင့် ဆက်ဆံရေးရုံးအကြီးအကဲဖြစ်သူ Ms. Ritu Yadav က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယသံရုံးမှကောင်စစ်ဝန် Shri.R.C.Yadav က (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ (10th International Day ofYoga) အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာယောဂနေ့ဖြစ်ပေါ်လာပုံနှင့် ယောဂကျင့်စဉ်၏ အဓိကအနှစ်သာရများနှင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ အိန္ဒိယနိုင်ငံသံရုံးမှ ယောဂသရုပ်ပြ Ms.Lalan Desai က ယောဂသရုပ်ပြ လေ့ကျင့်နည်းများပြသ၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မြောက်ဘက်မုခ် လှေကား၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ (10th International Day of Yoga) အထိမ်းအမှတ်နှင့် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်းအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း သတ်မှတ်ထားသည့်နေရာ၌ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကောင်စစ်ဝန်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဆက်ဆံရေးရုံးအကြီးအကဲတို့က ကံ့ကော်ပင်များကိုအတူတကွ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment