ကမ္ဘာပေါ်တွင် ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသော သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ ပုံမမှန်ဖောက်ပြန်မှုများ ဖြစ်ပေါ်လာပြီး အကျိုးဆက်ကို ကြုံတွေ့လာကြပြီဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
လက်ရှိတွင်
ကမ္ဘာ့အရှေ့ပိုင်းရှိနိုင်ငံများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
ရေကြီးရေလျှံမှုဖြစ်စဉ်များနှင့် ကြုံတွေ့နေရသည်။ အဆိုပါဒေသများအနေဖြင့်
မိုးဥတုကာလဖြစ်၍ ပုံမှန်မိုးရွာသွန်းမှုဖြစ်စဉ် ရှိရမည်ဖြစ်သော်လည်း မူမမှန်သည့်
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုဖြစ်စဉ်များကို
သတိထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ရေကြီးရေလျှံ
မှု၊ မြေပြိုမှုဖြစ်စဉ်များနှင့် မကြုံတွေ့ရသေးပေ။ တရုတ်နိုင်ငံအရှေ့ပိုင်းတွင်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး
ရေဘေးဒုက္ခကြုံတွေ့နေရသူများနှင့် သေဆုံးသူများရှိသည်။
ပြင်းထန်သည့်
ရာသီဥတုအခြေအနေများ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသည်။
မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ပထမငါးလအတွင်း ဆီးနှင်းများ ထူထပ်စွာ
ကျဆင်းမှု၊ သဲမုန်တိုင်း သို့မဟုတ် ဖုန်မုန်တိုင်းတိုက်ခတ်မှု၊ ပြင်းထန်သည့်
ဆောင်းရာသီအအေးဒဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန် ရှစ်သန်းနီးပါးသေဆုံးခဲ့သည်။
ကမ္ဘာ့အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကမ္ဘာ့အလယ်ပိုင်းတွင်
အပူချိန်ပြင်းထန်မှုနှင့် ကြုံတွေ့နေရသည်။ ဆိုက်ပရပ်စ်နိုင်ငံတွင်
အပူဒဏ်ပြင်းစွာခံစားနေရပြီး အသက်သေဆုံးမှုများအထိရှိသည်။ အိန္ဒိယနိုင်ငံတွင်
အရှည်ကြာဆုံး၊ အပြင်းထန်ဆုံး ပူပြင်းသည့် ရာသီဥတုနှင့်ကြုံတွေ့နေပြီး
လူအမြောက်အမြားသေဆုံးခဲ့ရသည်။
အီတလီနိုင်ငံတွင်
သုံးနှစ်ဆက်တိုက် အပူလှိုင်းဖြတ်မှုနှင့်ကြုံတွေ့ဖွယ်ရှိနေသည်။ အီရတ်နိုင်ငံတွင်
အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်ကျော်လွန်သော အပူလှိုင်းဖြတ်မှုနှင့် ကြုံတွေ့နေရသည်။
အစွန်းရောက်ရာသီဥတုများ ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်နေချိန်တွင် အာဖရိကနိုင်ငံများ၌
စားရေရိက္ခာမလုံလောက်မှုနှင့် ကာလဝမ်းရောဂါဖြစ်ပွားမှုများ ကြုံတွေ့နေပြီး
အရှေ့တောင်အာရှနိုင်ငံအချို့တွင် သွေးလွန်တုပ်ကွေးရောဂါအများအပြားဖြစ်ပွားနေသည်ကို
တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သဘာဝဘေး၊ ကပ်ဘေးများနှင့်
မကြုံတွေ့ရသော်လည်း သဘာဝဘေးအမျိုးမျိုးတို့ကို ကြုံတွေ့လာပါက သတိပြုကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားရမည်ဖြစ်သည်။
လက်ရှိတွင်
မြန်မာနိုင်ငံနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း
ဖြစ်ပေါ်လာနိုင်မှုနှင့် အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းလာနိုင်မှုကြောင့်
နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး
ရေကြီးရေလျှံမှုအန္တရာယ်၊ မြေပြိုမှုအန္တရာယ်များကို သတိပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့်
ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှု အခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုအပြင်
အချိန်တိုအတွင်း မိုးရေချိန်မြင့်မားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်
ရေကြီးခြင်းများ၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့လာနိုင်သည်။
ယမန်နှစ်က
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေဘေးဖြစ်ပွားမှု အကြိမ်ရေ ၁၄၄ ကြိမ်
ဖြစ်ပွားခဲ့ရာ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး
လူနှင့်တိရစ္ဆာန်အချို့ ဘေးအန္တရာယ်များနှင့်ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့်
ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့ရပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ
လျော့နည်းသက်သာစေရန်အတွက် သတိပြုကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းလက်တွဲ၍
တက်တက်ကြွကြွ ဆောင်ရွက်ထားရမည်ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်သည့်
ရောဂါအမျိုးမျိုး ကင်းဝေးစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏
အသိပညာပေးလမ်းညွှန်မှုများနှင့်အညီ ကြိုတင်ကာကွယ်ထားကြရမည်ဖြစ်သည်။
အထူးသဖြင့်
ကမ်းရိုးတန်းနှင့် မြစ်ချောင်းများအနီး နေထိုင်ကြသူပြည်သူများ၊ တောင်ပေါ်ဒေသ၊
တောင်အောက်ဒေသများတွင် နေထိုင်ကြသူပြည်သူများသည်သက်ဆိုင်ရာနှင့် မိုးလေဝသဌာနက
ထုတ်ပြန်အသိပေးချက်များကို အမြဲနားစွင့်နေရမည်ဖြစ်ပြီး မိမိနေအိမ်ကြံ့ခိုင်မှု၊
ရွှေ့ပြောင်းနိုင်မှုအခြေအနေများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းများကို ကြိုတင်အသင့်ပြင်ဆင်ထားရမည်ဖြစ်ပြီး
သက်ဆိုင်ရာက အရေးပေါ်သတိပေးချက် ထုတ်ပြန်လာပါက လမ်းညွှန်မှုများအတိုင်း
ပြောင်းရွှေ့နေထိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကမ္ဘာ့ပြည်သူများ
ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ကံကောင်းသည့် အခြေအနေများရှိနေသော်လည်း
မလွန်ဆန်နိုင်သော သဘာဝဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်သတိပြု၍
ထိခိုက်နိုင်ခြေအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment