နေပြည်တော် ဇွန် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် သင်တန်းတက်ရောက်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေးအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်
စန်းအား သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကျောင်းရုံးအစည်းအဝေးခန်းမများ၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းများ
ဖွင့်လှစ်နေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားကြပြီး
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းခန်းမများ၌ အမှာစကား
ပြောကြားရာတွင် မိမိအနေဖြင့် ယခုလိုလာရောက်တွေ့ဆုံရသည့် အကြောင်းရင်းသည် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မည့် စစ်သည်များကို
ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပြောကြားရင်း အားပေးစကားပြောကြားလိုခြင်း၊
သင်တန်းကာလတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍
ဖြေရှင်းဆောင်ရွက်ပေးလိုခြင်းတို့ကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများကို
မိမိတို့တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်
ဥပဒေအဖြစ်ပြဋ္ဌာန်းခဲ့ပြီး ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလတွင် အာဏာတည် စေခဲ့သည့် အမိန့်ကြော်ငြာစာများထုတ်ပြန်ခဲ့ကြောင်း။
အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို မိမိကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေး၍ ပြည်ထောင်စုအစိုးရအဖွဲ့က
ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊
အတွင်းရေးမှူးအဖြစ် စစ်ရေးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်ဖွဲ့စည်းပေးခဲ့ကြောင်း၊
ဗဟိုအဖွဲ့ဖွဲ့စည်းပြီး ဗဟိုအဖွဲ့မှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို
ဖွဲ့စည်းပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းတာဝန်များကို စနစ်တကျ စီမံချက်ချပြီး
ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၈၆တွင်လည်း “နိုင်ငံသားတိုင်းသည်
ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်
တာဝန်ရှိသည်”ဟု ဖော်ပြထားပါကြောင်း။
ယခု သင်တန်းများတွင် တက်ရောက်နေသူများသည် ကိုယ်တိုင်ဆန္ဒပြုသူများဖြစ်သည်ကို
သိရှိရပါကြောင်း၊ ကိုယ်တိုင်ဆန္ဒပြု၍ ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ယူပါကြောင်း၊
တပ်မတော်သားတစ်ယောက်ဖြစ်လာပါက ပေးအပ်သည့် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊
နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန်လေးချက်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန်ဟုပင် အဓိဋ္ဌာန်ပြုထားပါကြောင်း၊ စစ်သင်တန်းဖြစ်သဖြင့် စနစ်တကျဖြင့်
စည်းနှင့် ကမ်းနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရန်နှင့်
နိုးကြားဖြတ်လတ်၍ တက်ကြွရန်လိုအပ်ပါကြောင်း၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန်နှင့်
ဇွဲသတ္တိရှိ ရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော်အတွက်
အမြဲတမ်းပင် ရှေ့ကမားမားမတ်မတ်ရပ်တည်ခဲ့ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ရဲသော်
မသေသေသော်ငရဲမလားဆိုသည့်ဆောင်ပုဒ်အတိုင်း ပေးအပ်သည့်တာဝန်ကို ရဲဝံ့ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း၊
သင်ကြားပေးသည့် စစ်ပညာများကို ကျွမ်းကျင်စွာတတ် မြောက်အောင် သင်ကြားကြရန်လိုကြောင်း၊
ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရန်လိုသကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်သန်စွမ်းရန်လိုအပ်ကြောင်း၊
ပြည်သူက အားထားရသည့် တပ်မတော်သားကောင်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်
လေ့ကျင့်သင်ကြား ပေးသည့် စစ်ပညာများကို ကျွမ်းကျင်တတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်သည့်
စစ်သည်ကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားလေ့ကျင့်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် အားကစားပစ္စည်းများ
ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် တပ်မှူးတို့က လက်ခံရယူကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြည်သူ့စစ်မှုထမ်း
သင်တန်းသားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားသောက်ဖွယ် ရာများပေးအပ်ရာ
သက်ဆိုင်ရာ နည်းပြအရာရှိချုပ်များက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး တိုက်ကြီးတပ်နယ်လေ့ကျင့်ရေးကျောင်း စားရိပ်သာတွင်
သင်တန်းသားများနှင့် အတူတကွနေ့လယ်စာ သုံးဆောင်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့ကျင့်ရေးကွင်းအသီးသီး၌
လက်နက်ငယ်သင်ခန်းစာနှင့် ခန်းမအတွင်း စစ်နည်းဗျူဟာသင်တန်းပို့ချနေမှုများ၊ သင်တန်းသားများအိပ်ဆောင်များ၊
သင်တန်းသားစားရိပ်သာနှင့် စားဖိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်
များကိုမှာကြားသည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်
တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်
စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်
ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နှင့် (၂) တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်
အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment