Tuesday, June 18, 2024

ရှမ်းပြည်နယ်အတွင်း ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အားပေးမြှင့်တင်



နေပြည်တော် ဇွန် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ ဝမ်ပုံကျေးရွာအနီးတွင် တည်ရှိသည့် ဝမ်ပုံရေလှောင်တမံ၏ ရေသို လှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် စိုက်ပျိုးမြေ ၁၁၆ ဧက စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် “ချယ်ရီ” ဝက်မွေးမြူရေးခြံ၏ မွေးမြူရေးခြံ ငါးခြံအတွင်း ဝက်အကောင်ရေ ၆၀၀ မွေးမြူထားရှိမှုနှင့် “ဝင်း” ကြက်မွေးမြူရေးခြံ၏ ကြက်ခြံ သုံးခြံတွင် ဥစားကြက် အကောင်ရေ ၁၄၂၀၀ မွေးမြူထားရှိမှု၊ နေ့စဉ်ပျမ်းမျှ ကြက်ဥ ၈၀၀၀ ကို မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေမှု၊ မက္ကဒေးမီးယားပင်များ စိုက်ပျိုးထားရှိမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကြည့်ရှု အားပေးပြီး မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် ဒုတိယဝန်ကြီးသည် လင်းခေးခရိုင် လင်းခေမြို့နယ် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ပဲပုပ်နှင့်ပတ်သက်သော တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆီထုတ်လုပ်ပြီး ထွက်ရှိလာသည့် ကြိတ်ဖတ်ကို မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် လိုအပ်ချက်မြင့်မားလျက်ရှိမှုနှင့် ဈေးကွက်အလားအလာများ၊ ဆီထွက်ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် နည်းပညာနှင့် လိုအပ်ချက်များကို စိုက်ပျိုးရေး ဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးပြောကြားပြီး ပဲပုပ်စိုက်တောင်သူများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများကို ဆီထွက်ပဲပုပ်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ် သည်။

ညှိနှိုင်းဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက် ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment