နေပြည်တော် ဇွန် ၁၃
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်ဦ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနှင့်
ပါမောက္ခများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ
ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ China
CDC မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ
ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဉီးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဉီးသန်းထွန်းဉီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ China
CDC မှ Deputy Director
General ဒေါက်တာလီချွင်နှင့်
ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
အောင်လင်းဒွေးက မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်အဦကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်ဖြင့်
ပက်ဖျန်းပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်းရှိ CDC ပြခန်းငယ်၊ မြေညီထပ်ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ
ကွပ်ကဲရေးဗဟိုဌာန၊ ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းများ၊ နည်းပညာသုံးကူးစက်ရောဂါ
စောင့်ကြပ်ကြည့်ရှုရေးစနစ် ဆောင်ရွက်သည့်အခန်းနှင့် သင်တန်းသားအိပ်ဆောင်များကို
လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက်
ဖွင့်ပွဲအခမ်းအနားကို အဆိုပါအဆောက်အဦအတွင်းရှိ Theatre ခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက
အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
“တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့်
ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို လူမှုရေးဦးတည်ချက်တွင်
ထည့်သွင်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အခြေခံကျပြီး အရေးပါသည့်
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်မီစွာဖြင့်
စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း။
ပြည်သူ့ကျန်းမာရေးလုံခြုံမှုနှင့်
ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲကိုင်တွယ်ဖြေရှင်းနိုင်ရန်
ကမ္ဘာ့နိုင်ငံများအနေဖြင့် အားကောင်းခိုင်မာပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးအဖွဲ့အစည်းများရှိရန်
အရေးကြီးသည်ကို သတိပြုမိခဲ့ကြကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအဖွဲ့အစည်းများကို
ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများတွင် Centers
for Disease Control and Prevention-CDC ဟုခေါ်သည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ ဖွင့်လှစ်တည်ထောင်ကြပြီး
ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လာကြကြောင်း၊ မိမိတို့
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊
သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက
ကူညီတည်ဆောက်ထူထောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်းစီမံကိန်းကို တရုတ်ယွမ်ငွေ သန်း(၃၃၀) ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ
နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊
Myanmar
CDC Center ထူထောင်နိုင်ခြင်းဖြင့်
မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက်အောင်
ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့်
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း ပိုမိုထိရောက်စွာ
အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။
ယခု
ဌာနကြီးကို ဗဟိုပြု၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားလာနိုင်သည့်
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများကို
ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို
လုပ်ဆောင်နိုင်ခြင်း၊ ကူးစက်ရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို
ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များနှင့်
ဦးစားပေးပြည်သူ့ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးပေးနိုင်ခြင်း
စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ
ဖြစ်ပွားလာပါကလည်း ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇနှင့် သဘောသဘာဝများကို
မိမိတို့နိုင်ငံအတွင်း၌ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ် နိုင်မည်ဖြစ်၍ ယင်းကူးစက်ရောဂါကို
အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ထူးခြားချက်အနေဖြင့်
ယနေ့ဖွင့်လှစ်လိုက်သည့် Myanmar CDC သည် ရောဂါထိန်းချုပ်ရေးဗဟိုဌာနအပြင်
ပြည်သူ့ကျန်းမာရေးသင်တန်း အဆောက်အအုံပါ ပူးတွဲတည်ဆောက်ထားသည့်အတွက်
အရည်အသွေးပြည့်မီသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနိုင်မည်ဖြစ်သည့်အတွက်
အရည်အသွေးမြင့်မားသည့် မျိုးဆက်သစ်ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို
မွေးထုတ်ပေးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနကို
သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို မိမိတို့နိုင်ငံ၏ အခြေအနေနှင့်
ကိုက်ညီပြည့်စုံအောင် ဖွဲ့စည်းဆောင်ရွက်ထားသည်ကိုလည်းသိရှိရကြောင်း၊
ယခုဖွင့်လှစ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနတွင် နိုင်ငံတကာအဆင့်မီ
ဓာတ်ခွဲခန်းများအနေဖြင့် ဇီဝလုံခြုံမှုအဆင့်မြင့်မားပြီး ကူးစက်ပြန့်ပွားလွယ်သည့်
ရောဂါပိုးများကို ဓာတ်ခွဲစမ်းသပ်လေ့လာသည့် ဇီဝလုံခြုံမှုအဆင့်(၃)ရှိသည့် တုပ်ကွေးရောဂါဓာတ်ခွဲခန်း၊
ဇီဝလုံခြုံမှုအဆင့်(၂)ရှိသည့် ဗိုင်းရပ်စ်ပိုးဓာတ်ခွဲခန်း၊ ဘက်တီးရီးယားပိုးမွှားဓာတ်ခွဲခန်း၊
ဇီဝလုံခြုံမှုအဆင့် (၁) ရှိသည့် အစားအစာအဏုဇီဝဓာတ်ခွဲခန်း၊ ရောဂါပိုးမွှားကင်းစင်သည့်
ဓာတ်ခွဲခန်း စသည့်ဓာတ်ခွဲခန်းများစွာပါဝင်ပြီး ယင်းဓာတ်ခွဲခန်းများက ရောဂါကာကွယ်ထိန်းချုပ်ရေး
လုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
ယခုကဲ့သို့
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်နိုင်ခြင်းအားဖြင့်
မိမိတို့နိုင်ငံအတွင်းတွင် ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏
ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့်
လူတိုင်းရောဂါဘယကင်းရှင်းရေးတို့အတွက် ကြီးမားသည့် အထောက်အကူရရှိနိုင်မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းပေါ်ပေါက်လာရန်
ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများ၊
တည်ဆောက်ရေးစီမံကိန်းကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့သည့် China
Communications Construction Company-Third Harbor Engineering Co.Ltdမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ပညာရပ်ပိုင်းနှင့်
နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် ကျန်းစု CDC မှ ပညာရှင်များနှင့် အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို
နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အားလုံးကိုယ်စား လှိုက်လှဲစွာ
ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.
Chen Hai က Myanmar
CDC and Medical Training Center နှင့်ပတ်သက်၍
ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်းမှတ်တမ်းဗွီဒီယိုကို ပြသသည်။
ထို့နောက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်
သင်တန်းကျောင်းအဆောက်အဦဆိုင်ရာ
စာရွက်စာတမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ
လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့ကို
ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ကြသည်။
၂၀၂၁
ခုနှစ်တွင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း
မြန်မာ CDC
အဆောက်အဦကို မြန်မာနိုင်ငံနှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၄
ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇွန် ၁၃ ရက်တွင် အောင်မြင်စွာ
ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။






No comments:
Post a Comment