နေပြည်တော် ဇွန် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရေချိုကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ဝါစိုက် တောင်သူများ၊ အောင်မြေသာယာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး မိုးဝါအတွက်လိုအပ်သောမျိုးများ၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအတွက် ဓာတ်မြေဩဇာနှင့် စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြပြီး စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီများ၏ မျိုးစေ့များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးဝါစိုက်ပျိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ သမဝါယမအသင်း ၁၄ သင်း၏ ဝါစိုက်ဧက ၉၉၀ အတွက် ဝါမျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသည့်အပြင် တန်ဖိုးငွေကျပ် ၁၉၈ သန်းနှင့်ညီမျှသော အာမိုဓာတ်မြေဩဇာ၊ စမ်းဝတီသဘာဝမြေဩဇာနှင့် ကျောက်မှုန့်များ ထည့်သွင်းအသုံးပြုနိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ကြက်ပြစ်ကျေးရွာသို့သွားရောက်ပြီး ကြက်ပြစ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အပူပိုင်းဇုန်ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းအဖွဲ့က To-Ne(တိုနေး) Top 300 တွင်းတူးစက်ကြီးဖြင့် ကျောက်ပန်းတောင်းမြို့နယ် ချောင်းဖျားကျေးရွာ၌ အနက်ပေ ၈၀၀ ရှိ စက်ရေတွင်းတူးဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာ သားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးထားသည့် စက်ရေတွင်းကိုကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိဆီထွက်သီးနှံစိုက်တောင်သူများ၊ နှစ်ကျပ်ခွဲစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment