စားရေး၊ ဝတ်ရေး၊ နေရေး အရေးသုံးပါးတွင် ဝတ်ရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ လူမှုစီးပွားကဏ္ဍတွင် အရေးပါသည်ဖြစ်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါနှင့်ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရက ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးမှုအခြေအနေအရပ်ရပ်ကြောင့် ဝတ်ရေးအတွက် လိုအပ်သောချည်မျှင်နှင့် အထည်အလိပ်များကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရသည်။ ပြည်တွင်း၌ ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်အလိပ်များကို ထုတ်လုပ်နိုင်သော်လည်း နည်းပညာ၊ အရင်းအနှီး၊ အရည်အသွေးလိုအပ်ချက်များကြောင့် ပြည်ပမှ ချည်မျှင်နှင့်အထည်အလိပ်များ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေလိုအပ်ချက်နှင့် အပိုကုန်ကျမှု များရှိနေသည်။ ထို့ကြောင့် ပြည်ပသို့ ဝါများတင်ပို့ရောင်းချမည့်အစား ပြည်တွင်း၌လိုအပ်သည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ခြင်ထောင်၊ စောင်၊ အိပ်ရာခင်းအပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျရေး ကြိုးပမ်းရမည်ဖြစ်သည်။ ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသည့် ကုန်ကြမ်းများပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးဧက ငါးသိန်းခန့်ရှိပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကာလကို ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလအဖြစ် သတ်မှတ်ထားသည်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဝါစိုက်ပျိုးရေးဇုန်များ သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ဝါမှ အဝတ်အထည်နှင့်အသုံးအဆောင်များ ထုတ်လုပ်နိုင်ရန်လိုအပ်ချက်မှာ နိုင်ငံ့လူဦးရေ ၅၄ သန်းကျော်အတွက် ဝါပိဿာချိန်သန်းပေါင်း ၃၅၀ ကျော်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံအတွင်း ဝတ်ရေးဖူလုံစေရေးအတွက် ဝါစိုက်ဧကငါးသိန်းကျော်လွန်၍ စိုက်ဧကခုနစ်သိန်း တိုးတက်စိုက်ပျိုးကြရမည်ဖြစ်သည်။
နိုင်ငံအတွင်း နိုင်ငံပိုင်ဝါကြိတ်စက်ရုံ ၁၃ ရုံရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဝါကြိတ်စက်ရုံများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၄ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် လေးရုံ၊ မကွေးတိုင်းဒေသကြီးတွင် ၅၄ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် ၉၆ ရုံ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် စက်ရုံနှစ်ရုံ စုစုပေါင်းစက်ရုံ ၁၉၀ ရှိသည်။ ဝါစိုက်ပျိုးမှုများသည့်ဒေသများတွင် ဝါဂွမ်းကို တစ်ပိုင်တစ်နိုင် ရိုးရာလက်ရက်ကန်းများဖြင့် ဒေသအတွင်းဝတ်ဆင်သုံးစွဲနိုင်ရန် ထုတ်လုပ်မှုအသေးစားများကိုသာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အဆင့်တွင်ရှိသည်။
ထို့ကြောင့် ဝါမှ ကုန်ချောအဖြစ်ထုတ်လုပ်သည့် ဝါကြိတ်လုပ်ငန်းများကို မြှင့်တင်ပေးရမည်ဖြစ်သည်။ ကုန်ကြမ်းအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်မှု အသေးစားပြုလုပ်ခြင်းနှင့် ပြည်ပသို့ ကုန်ကြမ်းတင်ပို့နေခြင်းအစား ပိုမိုတွက်ခြေကိုက်သည့် ပြည်တွင်း၌ အဆင့်မီကုန်ချောထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ဝါနှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆောင်ရွက်ရာတွင် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့်အထည်စက်များ ဖွံ့ဖြိုးရေး၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် တစ်ဆက်တစ်စပ်တည်းဖြစ်၍ အဆိုပါလုပ်ငန်းများကို ဒေသအလိုက်ထူထောင်ဖွံ့ဖြိုးလာရေး၊ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီအားပေးနေပြီဖြစ်သည်။
ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ဝါနှင့်ပတ်သက်၍ သမဝါယမအသင်းများ ဖွဲ့စည်းရေး၊ သင်တန်းများဖွင့်လှစ်ရေး၊ အရင်းအနှီးထောက်ပံ့ရေးတို့ကို ပေါင်းစပ်ကူညီဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထို့အပြင် ဈေးကွက်ရရှိရေး၊ ရေရှည်ရပ်တည်နိုင်ရေး၊ စက်အရန်ပစ္စည်းများရရှိရေး၊ ဈေးကွက်သုတေသနပြုလုပ်ရေး၊ နည်းပညာရရှိရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများရရှိရေးတို့ကို ပံ့ပိုးကူညီပေးမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဝါသီးနှံအထွက်တိုးရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဝါကြိတ်လုပ်ငန်းများနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကို စဉ်ဆက်မပြတ်အားပေးဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူများ၏ဝတ်ရေးကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်း၌ အရည်အသွေးပြည့်မီသော ဝါနှင့်ချည်မျှင်၊ အထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပသို့ ကုန်ကြမ်းတင်ပို့ခြင်းမှ ပြည်တွင်း၌ အဆင့်မီထုတ်လုပ်ကာ လူမှုစီးပွား၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment