Thursday, May 23, 2024

Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက် ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ်ကစားသမား လေ့ကျင့်သင်ကြားပေးနေ

 


ရန်ကုန် မေ ၂၂

ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံ Seletar Country Club ၌ ကျင်းပမည့် Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက်ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool က သင်ကြားပြသပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ အောင်မြင်မှုရစေရန်အတွက် ထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားကို နည်းပြအဖြစ် လာရောက်သင်ကြားရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ယင်းထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားသည် မေလတတိယအပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြိုင်ပွဲကာလအထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ မြန်မာကစားသမားများအနေဖြင့် ပန်းလှိုင်ဂေါက်ကွင်း၌ လေ့ကျင့်သင်ကြားလျက်ရှိပြီး ပန်းလှိုင်ဂေါက်ကွင်းမှလည်း လေ့ကျင့်ရေးကွင်းနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီပေးထားသည်။ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲလေးခုအနက် Putra Cup ပြိုင်ပွဲ၊ Lion City Cup ပြိုင်ပွဲနှင့် Santi Cup ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာကစားသမားများကို သင်ကြားပေးနေသည့် ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ် All Thailand Golf Tour ၊ Singha Thailand Master 2023 ပြိုင်ပွဲများတွင် ပထမဆုများကိုရရှိထားပြီး Bromsgrove International School နှင့် Mississippi State University တို့တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Southeast Asian Amateur Golf Team Championship ပြိုင်ပွဲတွင်လည်း သြစတြေးလျနိုင်ငံသားကို နည်းပြခန့်အပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ Loin City Cup ပြိုင်ပွဲတွင် အသင်းလိုက်ပထမဆု နှင့် Kartini Cup ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုတို့ကို ရရှိခဲ့သည်။

ကိုညီလေး၊ ဓာတ်ပုံ-MGF

No comments:

Post a Comment