Monday, May 27, 2024

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အသေးစားဓာတ်အားပေးစနစ်

 


ဝင်းမြင့် (ရွှေခြံသား)

အရင်တုန်းကကျ မီးစက်နဲ့ဆိုတော့ အလုပ်တစ်ခုလာ တစ်ခါစက်မနှိုးနိုင်ဘူးလေ ဆရာ.. အလုပ်တွေ အများကြီးလာမှ စက်နှိုးပြီး လုပ်ရတော့ လူလည်းပန်းတာပေါ့… အမြန်လိုရင်လည်း အမြန် မရောက်ဘူးပေါ့ ဆရာရယ် လုပ်နိုင်မယ့်ပမာဏနဲ့ ချင့်ချိန်လက်ခံရတော့ အများကြီးလည်း လက်ခံလုပ်မပေးနိုင်ဘူး၊ ခုကတော့ ခလုတ်လေးတစ်ချက်နှိပ်ရုံဆိုတော့ အလုပ်တစ်ခုလာ တစ်ခါလုပ်ပဲ... စုပြုံပြီးအချိန်လုလုပ်ရတာ မဟုတ်တော့ အလုပ်တွေလည်း ပိုလက်ခံနိုင်၊ ပိုလုပ်နိုင်လာတာပေါ့ဗျာ”







လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး ခန္တီးကျေးရွာမှ တွင်ခုံလုပ်ငန်းရှင် ဦးတိုးမောင်က သူတို့ရွာ၌ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရသည့်အချိန်တွင် ယခုလို ပြောပြခဲ့ဖူးတာ သတိရသည်။ ဒါတောင် သူက မီးစက်ဖြင့် အလုပ်လုပ်နိုင်သူ။ ဒီတုန်းက စက်သုံးဆီဈေးနှုန်းဆိုသည်မှာလည်း ကျပ်ရာ ဂဏန်းမျှသာ။ သို့သော် ထိုအခြေအနေ ထိုကာလကတည်းကပင် ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရရှိလာသည့်အချိန်နှင့် မရမီအချိန်တို့မှာ အတော်လေးခြားနားခဲ့တာ တွေ့ရသည်။ ခန္တီးကျေးရွာမှာ ကျွန်းကျေးရွာဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ပင်မဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိရန် မလွယ်ကူသည့်အခြေအနေ။ ဤသို့သောအခြေအနေတွင် ဆိုလာအသေးစား ဓာတ်အားပေးစနစ်သည် ခန္တီးကျေးရွာ မီးလင်းရေးအတွက် နယ်မြေဒေသနှင့်လိုက်လျောညီထွေရှိသည့် ကျေးရွာသူ ကျေးရွာသားများ လက်လှမ်းမီရန် လွယ်ကူသည့်စနစ်တစ်ခု ဖြစ်ခဲ့သည်။

ရှေ့ပြေးစီမံကိန်းအဖြစ်ဆောင်ရွက်

ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အား ပေးစနစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမျိုးသား လျှပ်စစ်ဓာတ်အားပေးစီမံကိန်း (National Electrification Project- NEP)၏ မဟာဓာတ်အားလိုင်းပြင်ပ (Off-Grid) အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာနေ ပြည်သူက ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ (Mini-Grid Developer)မှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်၍ ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသေးစားဓာတ်အားပေးစနစ် အကောင်အထည်ဖော်ဆောင် ရွက်မှုပထမဆုံးခြေလှမ်း၊ မြေစမ်းခရမ်းပျိုးကာလ၏ အစဦးဆုံးအသီးအပွင့်များတွင် ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (GIZ)တို့၏အကူအညီဖြင့် စတင်လျှောက်လှမ်း ခဲ့ရသောခရီးသည် ယခုမူကိုးနှစ်တာအထိ ခရီးပေါက်ခဲ့ပြီဖြစ်သည့်အပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်မှစ၍ အကူအညီမပါ အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အင်အားတစ်ခုတည်းဖြင့် ရှေ့ဆက်လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ အသေးစားဓာတ်အားပေးစနစ် လုပ်ငန်းပေါင်း ၁၃၀ ကို တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခု၊ မြို့နယ်ပေါင်း ၅၀ အတွင်းရှိ ကျေးရွာပေါင်း ၁၇၁ ရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ လျှပ်စစ်မီးရရှိမှုကြောင့် စီမံကိန်းကျေးရွာများတွင် ကြိတ်ခွဲစက်၊ ဆန်စက်၊ တွင်ခုံ၊ ရေခဲစက်၊ ပဂဲပကန်းမွေးမြူရေးလုပ်ငန်းများ၊ စက်ရက်ကန်း စသည်တို့အပါအဝင် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၃၀၀၀ ကျော် လုပ်ကိုင်နိုင်လျက်ရှိသည်ကို တွေ့ရပါသည်။

အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ပေးရခြင်း၏ ရည်ရွယ်ရင်းကိုက စီမံကိန်းကျေးရွာများတွင် ညအချိန်မီးအလင်းရောင်အတွက်သာမက အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းကျေးရွာ ရွေးချယ်သည့် အချိန်ကတည်းက အသေးစားစက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်ရန်အလားအလာရှိသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ခဲ့သည်။ အသေးစားဓာတ်အားပေးစနစ်များသည် အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူ Mini-Grid Developer ၏အကျိုးအမြတ်ပြန်လည်ရရှိနိုင်ခြေကို ထည့်သွင်းစဉ်းစား ရသကဲ့သို့ စနစ်ရေရှည်တည်တံ့လည်ပတ်နိုင်ရန်အတွက် နှစ်ရှည်ကာလ ပြင်ဆင်ထိန်းသိမ်းမှု ကုန်ကျ စရိတ်ကိုလည်း ထည့်သွင်းစဉ်းစားကြရပါသည်။

အပြန်အလှန်ချိတ်ဆက် လုပ်ငန်းကွင်းဆက်

ထို့ကြောင့် Developer ၏ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့်ကာလ၊ လုပ်ငန်းလုပ်ကိုင်ခွင့် ကာလတို့အပေါ်မူတည်၍ သင့်တင့်လျောက်ပတ်သည့်ဓာတ်အားခကို သက်ဆိုင်ရာ ကျေးရွာနှင့် ညှိနှိုင်းသဘောတူညီချက်ရယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ကောက်ခံပါသည်။ အကျိုးအမြတ်ဖြစ်စေ၊ ပြင်ဆင် ထိန်းသိမ်းရေးအတွက်ဖြစ်စေ လုံလောက်သည့် ပမာဏပြန်လည်ရရှိရန်မှာ ဓာတ်အားခရရှိမှုအပေါ် မှီခိုအားပြုရခြင်းဖြစ်ရာ အိမ်သုံးထက် လုပ်ငန်း သုံးပမာဏများပြားသည့် စီမံကိန်းကျေးရွာများသည်သာ ရေရှည်လုပ်ငန်း လည်ပတ်ရပ်တည်နိုင် မည်ဖြစ်သည်။

ကဏ္ဍစုံဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်

ထို့အတူ အပြန်အလှန်အားဖြင့် ကြည့်မည်ဆိုလျှင်လည်း လုပ်ငန်းလုပ်ကိုင်နိုင်သည့် ကျေးရွာများကသာ ဝင်ငွေတိုးပွားသည်နှင့်အမျှ လျှပ်စစ်မီးကို ပိုမိုသုံးစွဲလာနိုင်ပြီး လူနေမှုအဆင့်အတန်းပါ လိုက်ပါမြင့်တက်လာစေမည်ဖြစ်သည်။ မြို့ပြမှာသာမဟုတ် ကျေးလက်သည်လည်း လျှပ်စစ်မီးရရှိမှသာ ဖွံ့ဖြိုးမှုဆီဦးတည်နိုင်မည် ဖြစ်ပါသည်။ လျှပ်စစ်မီး ရရှိမှုသည် ကဏ္ဍစုံဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့်အတွက် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိမှု တိုးမြင့်လာစေရေးသည် ကျေးလက် ဒေသဖွံ့ဖြိုးရေးတွင် အဓိကကျသော လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ပါဝင်လာရခြင်း ဖြစ်ပါသည်။

ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိမှသာလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးလာပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုမှတစ်ဆင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြား ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ ကဏ္ဍတစ်ခုနှင့်တစ်ခုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ လုပ်ငန်းကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်အကျိုးပြုလျက်ရှိပါသည်။ နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန်မှာ ထိုသို့ လုပ်ငန်းကွင်းဆက် တစ်ခုနှင့်တစ်ခု၏ ဆက်စပ်အကျိုးစီးပွား ဖြစ်ထွန်းမှုများမှတစ်ဆင့်သာ လှမ်း တက်ကြရမည် ဖြစ်ပါသည်။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်၍ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိမှု တိုးမြင့်လာခြင်းသည် နိုင်ငံ၏လျှပ်စစ်စွမ်းအင်ရရှိမှုနှုန်း တိုးတက်လာမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိ မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများက ပြုစုခဲ့သည့် စာရင်းများအရ မဟာဓာတ်အားလိုင်းစနစ်၊ မဟာဓာတ်အားလိုင်းပြင်ပစနစ်၊ ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းများ၊ ပုဂ္ဂလိကမှဆောင်ရွက် မှုများအပါအဝင် ကျေးရွာပေါင်း ၃၇၀၀၀ ကျော် လျှပ်စစ်မီးရရှိပြီး ကျေးရွာပေါင်း ၂၃၀၀၀ နီးပါး မီးလင်းရန်ကျန်ရှိ နေသေးသည်ကို တွေ့ရှိရပါသည်။

လျှပ်စစ်မီးရရှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ

လက်ရှိတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆိုလာအသေးစားဓာတ်အားပေးလုပ်ငန်းနှစ်ခု၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂၊ ၂၀၂၃ တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာသုံးရွာနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေးဒရဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဆိုလာအသေးစားဓာတ်အားပေး လုပ်ငန်းလေးခု ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာနှစ်ရွာတွင် ဆိုလာအသေးစားဓာတ်အားပေး လုပ်ငန်းနှစ်ခု၊ ယခင်ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများအနက်မှ တပ်ဆင်စွမ်းအားတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်သော ဆိုလာအသေးစားဓာတ်အားပေး စနစ်လုပ်ငန်းငါးခုတို့အား တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အလားတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏စွမ်းအင်ရင်းမြစ်ရရှိမှု အပေါ်အခြေခံ၍ ရေအားလျှပ်စစ်ဖြင့်သာမက ဆိုလာ၊ လေအား၊ ဇီဝဒြပ်ထုတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ လက်ရှိတွင် မင်းဘူးနှင့် သပြေဝအပါအဝင် ဆိုလာဓာတ်အားပေးစနစ် ခြောက်ခုဆောင်ရွက်လျက်ရှိပြီး ၂၆ ခု ဆက်လက် ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက်ရှိသည်ကို သိရှိရပါသည်။

ရည်မှန်းချက်နှင့် ကတိကဝတ်များ ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိ

တစ်ဖက်တွင်လည်း ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်- ၇ (Sustainable Development Goal- 7 (SDG-7))၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၊ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ် (Nationally Determined Contributions- NDC) အစီရင်ခံစာပါ ကဏ္ဍအလိုက်ရည်မှန်းချက်များ ကဲ့သို့သော နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ ကတိကဝတ်များရှိနေသည်။ ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်-၇ (Sustainable Development Goal- 7 (SDG-7))အရ မြန်မာနိုင်ငံ၏အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်ကို ပြည့်မီနိုင်ရန်အတွက်ဆိုလျှင် နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားအရ မဟာဓာတ်အားလိုင်း တိုးချဲ့ဆောင်ရွက်မှု တစ်ခုတည်းကိုသာ အားပြုထား၍မရပါ။

ထိုသို့ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ဆောင်ရွက်ရန် အဆင်ပြေသည့်နယ်မြေဒေသများ နည်းတူမဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသောကျေးရွာများ၊ မြစ်ခြား၊ ချောင်းခြား၊ ကျွန်းကျေးရွာများ နောက်ကျမကျန်ရစ်စေရန်ကိုလည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါသည်။

ကျေးရွာနေပြည်သူအများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသောဓာတ်အားပေးစနစ်

နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားအရ နိုင်ငံတော်၏ ပင်မဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသော ကျေးရွာများ၊ မြစ်ခြား၊ ချောင်းခြား၊ ကျွန်းကျေးရွာများအတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် အသေးစား ဓာတ်အားပေးစနစ်သည် ကျေးရွာနေပြည်သူများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသော၊ တွန်းအားပေးဆောင်ရွက်သင့်သော စနစ်တစ်ခုဖြစ်ပါသည်။ အသေးစားဓာတ်အားပေးစနစ်များ ဆောင်ရွက်ရာတွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန် Grid Ready Standard ဖြင့် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်ကတစ်ကြောင်း၊ မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ မဟာဓာတ်အားလိုင်း သို့ ဓာတ်အားပြန်လည်ရောင်းချခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းကပင် ခွင့်ပြုထားရှိပြီးဖြစ်သည်က တစ်ကြောင်း အသေးစားဓာတ်အားပေးစနစ်များအနေဖြင့် လုပ်ငန်းအာမခံချက် ပိုမိုရရှိလာသည်ကိုလည်း တွေ့မြင်နေရပြီဖြစ်သည်။

ဓာတ်အားခနှုန်းထားအနေဖြင့်မူ မဟာဓာတ်အားလိုင်းနှင့်နှိုင်းစာလျှင် ကြီးမြင့်လျက်ရှိနေသေးသည် မှန်သော်လည်း တည်ဆောက်ချိန်ကာလတိုတောင်းပြီး အကျိုးရရှိမှုမြန်ဆန်ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးရရှိမှုမှတစ်ဆင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်လာနိုင်သည့်အတွက် မိသားစုဝင်ငွေတိုးပွားလာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည်ကို တွေ့ရှိရခြင်းတို့ကြောင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို လိုလိုချင်ချင် ဆောင်ရွက်လိုသည့်ကျေးရွာများ ပိုမိုများပြားလာသည်ကိုလည်း တွေ့ရှိရသည်။

နိုင်ငံ၏ အခြေခံရေသောက်မြစ်နှင့်တူသည့် ကျေးလက်ဒေသများဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံးလိုအပ်ချက်သည် ကျေးလက်စီးပွားမြင့်မားလာစေရေးဖြစ်ပြီး ကျေးလက်စီးပွားမြင့်မားလာစေရန်မှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှသာ ဖြစ်ပါမည်။ သို့ဖြစ်ရာ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် မရှိမဖြစ်လျှပ်စစ်မီးရရှိစေရေးအတွက် မဟာဓာတ်အားလိုင်းတိုးချဲ့သွယ်တန်းသည့်စနစ် တစ်ခုတည်းသာမက နယ်မြေဖြန့်ခွဲ ဓာတ်အားပေးစနစ် (Decentralized System)ခေါ် သီးခြားဓာတ်အားပေးစနစ်ဖြစ်သော မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ဓာတ်အားပေးစနစ် အသေးစားဓာတ်အားပေးစနစ်များ ယခုထက်ပိုမိုဖွံ့ဖြိုးလာစေရေးကို အထူးတွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment