ကိုယဉ်ချစ် (မန္တလေး)
စာဖတ်ခြင်းသည် အိမ်တံခါးများကို
ဖွင့်သည်မည်၏။
စာမဖတ်ဘဲနေခြင်းသည် အိမ်တံခါးများကို
ပိတ်ထားသည်နှင့်တူ၏။
အနားမှာ စာအုပ်မထားခဲ့သော် ဘဝတံခါးကြီး
ပိတ်နေပေလိမ့်မည်။
(ဦးပဂျီငို)
အထက်ပါ စာပိုဒ်လေးကို နှစ်ခြိုက်မိပါတယ်။ စာဖတ်ခြင်းမှ ပညာတွေရနိုင်ပါတယ်။ လောကလူသားတိုင်း ဘဝအသက်ရှင်ရပ်တည်နေထိုင်ရေး အတွက် ရုန်းကန်ကြတဲ့အခါ ပညာဆိုတဲ့အရင်းအနှီးဟာ အင်မတန်တန်ဖိုးကြီးပါတယ်။ ပညာဆိုတာ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ပညာဆိုတဲ့ဝေါဟာရကို အတတ်ပညာ၊ အသိပညာဆိုပြီး ထပ်မံခွဲခြားနိုင်ပါတယ်။ အတတ်ပညာဆိုတာ နှုတ်မှု၊ လက်မှုပညာတွေဖြစ်ပြီး အသိပညာဆိုတာကတော့ ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှ ဖြစ်စေ ရတဲ့ပညာလို့ မှတ်သားဖူးပါတယ်။
ခွဲခြားသိမြင်ခြင်းနဲ့
လိုက်နာကျင့်သုံးခြင်း
ပညာဆိုတာ ဆောင်ရန်၊ ရှောင်ရန်တွေကို
ခွဲခြားသိမြင်ခြင်းနဲ့ လိုက်နာကျင့်သုံးခြင်းတို့ ဖြစ်ပါတယ်။ ပညာတတ်တဲ့သူဟာ ကောင်းတာကိုပဲ
တွေးတောကြံစည်တယ်၊ ကောင်းတဲ့စကား၊ မှန်ကန်တဲ့စကားကိုပဲ ပြောတယ်၊
ကောင်းတဲ့အလုပ်ကိုပဲ ရွေးချယ်လုပ်ကိုင်ကြပါတယ်။ ပညာမဲ့တဲ့သူတွေကတော့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်စွမ်း
အားနည်းကြတဲ့အတွက် ကောင်းတာကိုလည်း မတွေးနိုင်၊ မမှန်တဲ့စကားတွေနဲ့ သာယာ၊ မကောင်းတဲ့အလုပ်တွေကို
အကောင်းထင်လုပ်ကိုင်တတ်ကြပါတယ်။ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူတွေကို ပညာက
ခွဲခြားသတ်မှတ်ပေးလိုက်ပါတယ်။
ပညာဆိုတာ အဆိုးအကောင်း၊ အကျိုးအကြောင်း၊
အကျိုး၊ အပြစ်၊ တရားမှု၊ မတရားမှု၊ မှန်တာ၊ မှားတာ၊ အကျိုးရှိတာ၊
အကျိုးမဲ့တာတွေကို မှန်မှန်ကန်ကန် ပိုင်းခြားအသုံးချနိုင်ခြင်း ဖြစ်ပါတယ်။
ပညာတတ်ရင်ဆင်ခြင်တုံတရားရှိတယ်။ အကောင်းအဆိုးခွဲခြားသိမြင်နိုင်တယ်။ ဖြစ်ပျက်နေ
တဲ့အကြောင်းတရားတွေအပေါ်မှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆုံးဖြတ်နိုင်တယ်။
ပြဿနာတစ်ရပ်ဖြစ်လာရင် အကြောင်းရင်းအမှန်ကို သိမြင်နိုင်တယ်။ ပညာမဲ့ရင်တော့ အမှန်အမှားကို
စဉ်းစားချင့်ချိန်နိုင် စွမ်းအားနည်းတယ်။ သူတစ်ပါးရဲ့ အတွေးအခေါ်၊ အပြောအဆို၊ အလုပ်တွေက
ဖုံးလွှမ်းသွားပြီး တစ်ပါးကျွန်ဖြစ်မှန်းမသိ ဖြစ်တတ်ပါတယ်။
လူသားတိုင်းဟာ ပညာတတ်မှ လူရာဝင်မယ်။
ဘဝခရီးလမ်း သာယာဖြောင့်တန်းမယ်။ ကြီးပွားချမ်းသာမယ်ဆိုတဲ့ အသိတွေနဲ့
ပညာသင်ကြားခဲ့ကြပါတယ်။ ပညာဆည်းပူးဖို့၊ ပညာပြည့်ဝဖို့ဟာ အခြေခံအကျဆုံးနဲ့
အရေးအကြီးဆုံးဖြစ်ပါတယ်။ ပညာသင်ကြားတဲ့အတွက် ပညာတွေတတ်မြောက်မယ်။ အရည်အသွေးမြင့်မားမယ်။
လုပ်ငန်းကျွမ်းကျင်မှုရှိမယ်။ မသိသေးတာတွေ မတတ်သေးတာတွေသိလာမယ်၊ တတ်လာမယ်။
မြင်သင့်တာကိုမြင်၊ သင်သင့်တာကိုသင်ရင်း ဘဝကို တိုးတက်အောင်တည်ဆောက်ကြပါတယ်။
ပညာတွေကို လက်ဦးဆရာဖြစ်တဲ့ မိဘတွေဆီကရတယ်၊
သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီက ရတယ်။ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံရင်းရတယ်။
လုပ်ငန်းခွင်အတွင်း လုပ်ရင်းကိုင်ရင်းနဲ့ရတယ်။ စာပေတွေ
ဖတ်ရှုလေ့လာရင်းရတယ်။ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ သင်တန်း၊ စာတမ်း ဖတ်ပွဲတွေကရတယ်။ ရလာတဲ့ပညာတွေဟာ
ခံယူကျင့်သုံးသူရဲ့ အရည်အချင်း၊ အရည်အသွေး၊ ခံယူတုံ့ပြန်နိုင်မှု စွမ်းအားအပေါ်မူတည်ပြီး
လူတွေရဲ့အရည်အသွေး၊ အရည်အချင်းတွေ ကွဲပြားခြားနားသွားပါတယ်။
စာပေဖတ်ရှုခြင်းရဲ့အကျိုး
ပညာတွေကို သင်ယူတဲ့အခါ စာပေဖတ်ရှု
လေ့လာခြင်းဟာ အလွယ်ဆုံးနဲ့အထိရောက်ဆုံး ပညာရှာဖွေခြင်းဖြစ်ပါတယ်။ ဘယ်အလုပ်ကိုပဲ
လုပ်လုပ်၊ လုပ်တဲ့အလုပ်ရဲ့အကျိုးကို မလွဲမသွေ ခံစားရပါတယ်။ အကျိုးဆိုရာမှာ
ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာရှိတာမို့ စာပေဖတ်ရှုခြင်းရဲ့အကျိုးကတော့
ကောင်းကျိုးတွေ အများဆုံးရနိုင်ပါတယ်။
ဒါကြောင့် စာတတ်သူတိုင်း စာဖတ်ကြဖို့
လိုတယ်လို့ပညာရှင်ကြီးတွေက ပြောဆိုကြပါတယ်။ လူကြီး၊ လူရွယ်၊ လူငယ်အရွယ်စုံအားလုံးဟာ
အခြေအနေပေးသလို စာဖတ်သင့်ပါတယ်။ စာအုပ်စာစောင်တွေကို ဖတ်ရှုတဲ့အခါ အပျော်သဘောပဲဖတ်ဖတ်၊
အပျင်းပြေ အဖော်သဘောပဲဖတ်ဖတ်၊ အသိပညာဗဟုသုတတွေ တိုးပွားဖို့ပဲဖတ်ဖတ်ကြိုက်သလို
ရည်ရွယ်ချက်နဲ့ဖတ်ပါ။ စာဖတ်တိုင်းကောင်းသလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့
အဆိပ်သင့်စေမယ့်၊ ဘေးဖြစ်စေမယ့် စာပေမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ စာဖတ်သူရဲ့
ခံယူနိုင်မှု စွမ်းအားအပေါ်မှာ မူတည်ပါတယ်။ အဲဒီ ကိုယ်ခံစွမ်းအားကို ဘယ်မှာရှာတွေ့မလဲဆိုရင်
စာတွေများများဖတ်လေ အကောင်းအဆိုးတွေ ခွဲခြားသိနိုင်လေဖြစ်တာမို့ စာဖတ်တဲ့
အရှိန်အဟုန် ကောင်းလာရင် ဖတ်သင့်တဲ့စာ၊ မဖတ်သင့်တဲ့စာ၊ ခွန်အားဖြစ်တဲ့စာ၊
အဆိပ်သင့်တဲ့စာဆိုတာတွေကို ကိုယ်တိုင်ရွေးချယ် ဖတ်ရှုလာနိုင်မှာပါ။
စာဖတ်သူတွေ တိုးပွားလာဖို့အတွက်
စာကြည့်တိုက်တွေ ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေဟာ
အရေးပါလာပါတယ်။ စာကြည့်တိုက်တစ်ခု ထူထောင်နိုင်ဖို့အတွက် B ငါးလုံးလို့ ဆိုတဲ့
စံငါးရပ်နဲ့ ပြည့်စုံအောင် အရင်ဆုံးဆောင်ရွက် ကြရပါမယ်။ အဲဒီ စံငါးရပ်ကတော့ -
(၁) Budget = ရန်ပုံငွေ
(၂) Building =
အဆောက်အအုံ
(၃) Books = စာအုပ် စာစောင်များ
(၄) Brain = စာကြည့်တိုက်မှူး
(၅) Borrower =
စာငှားသူ၊ စာဖတ်သူတွေ ဖြစ်ပါတယ်။
စံ ငါးရပ်နဲ့ ကိုက်ညီပြည့်စုံလာတဲ့ စာကြည့်
တိုက်တွေဟာ အောင်မြင်မှုရလာကြပါတယ်။
စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ထူထောင်ဖို့
လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေဟာ များပြားသိမ်မွေ့ပြီး အခက်အခဲတွေနဲ့
ရင်ဆိုင်ရတတ်တာမို့ အလွယ်တကူ မဖြစ်နိုင်သလို ဖွင့်လှစ်ပြီး စာကြည့်တိုက်တွေကို ရေရှည်တည်တံ့ခိုင်မြဲအောင်
လုပ်ဆောင်ရတာက ပိုပြီးခက်ခဲပါတယ်။ အချိန်ကာလတာရှည်ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်လို့
ပါဝင်ပူးပေါင်းဆောင်ရွက်သူတွေရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှု၊
တက်ကြွမှုတွေကလည်း အရေးကြီးပါတယ်။ စာကြည့်တိုက်တွေ ရေရှည်တည်တံ့ခိုင်မြဲအောင်
ဆောင်ရွက်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့အား၊ စာကြည့်တိုက်ကော်မတီဝင်တွေရဲ့အား၊
အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့အားနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတွေရဲ့အားဆိုတဲ့အား
လေးအားကလည်း အဓိကကျနေပါတယ်။ စာကြည့်တိုက်လုပ်ငန်းဟာ လူထုကို ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တာကြောင့်
ရန်ပုံငွေတွေ၊ ပစ္စည်းတွေ ပြည့်စုံအောင် လုပ်ဆောင်ရမယ့်အပြင်အား လေးအားရဲ့
စိတ်အားထက်ထက်သန်သန်နဲ့ ကြိုးပမ်းဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်။
ဗဟုသုတ၊ အတွေးအခေါ်၊ သဘောထားအမြင်တွေ
နိုင်ငံတစ်နိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပြည်သူ့စာကြည့်တိုက်တွေရဲ့ အရေးပါမှုကလည်း
တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။ ပြည်သူ့စာကြည့်တိုက်တွေရဲ့ အခြေခံအဓိက
ရည်ရွယ်ချက်တွေကတော့ လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ အစုအဖွဲ့အတွက်ဖြစ်စေ
အားလပ်ချိန်နှင့် အပန်းဖြေမှုအပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့
မီဒီယာမျိုးစုံက အင်အားတွေနဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။
တစ်ဦးချင်းစီရဲ့ဗဟုသုတ၊ အတွေးအခေါ်၊ သဘောထားအမြင်တွေ ကျယ်ကျယ်ပြန့်ပြန့်
ပေးနိုင်ဖို့ဖြစ်ပါတယ်။
ပြည်သူ့စာကြည့်တိုက်ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ
လူတန်းစားအားလုံးကို လူမျိုးနွယ်၊ နိုင်ငံသား၊ အသက်၊ ကျား/မ၊ ကိုးကွယ် သည့်ဘာသာ၊
ပြောဆိုသည့်စကား၊ မသန်စွမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ပညာရေးဆိုင်ရာ အောင်မြင်
ပေါက်မြောက်မှု စတာတွေကတစ်ဆင့် အသိဉာဏ် ဗဟုသုတ၊ သတင်းအချက်အလက်နဲ့ စိတ်ကူးစိတ်သန်းဆိုင်ရာအလုပ်တွေကို
ရှာဖွေရယူနိုင်ရေးအတွက် အညီအမျှကူညီပံ့ပိုးပေးတဲ့ စာကြည့်တိုက်တွေဖြစ်တယ်လို့ (IFLA / UNESCO ပြည်သူ့စာကြည့်
တိုက်မူဝါဒ ကြေညာစာတမ်း ၁၉၉၄) မှာ ဖော်ပြထားတာ လေ့လာမှတ်သားမိပါတယ်။
အချို့နိုင်ငံတွေမှာ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ပြည်သူ့စာကြည့်တိုက်တွေဟာ ပဓာနကျတယ်လို့မြင်ကြပြီး ပြည်သူ့စာကြည့်တိုက်တွေရဲ့
အလေးထားမှုဟာ သမားရိုးကျပညာရေးကို အထောက်အကူပြုဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံအချို့က
ပြည်သူ့စာကြည့်တိုက်တွေရဲ့ ဝန်ဆောင်မှုတွေကို ကောက်နုတ်တင်ပြလိုပါတယ်။
စင်ကာပူနိုင်ငံမှာ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု
ရည်မှန်းချက်တာဝန်မှာ သူ့နိုင်ငံရဲ့ ခေတ်မီတိုးတက်မှုကို အထောက်အကူပြုဖို့၊ လေ့လာသင်ယူမှုအခွင့်အလမ်းတွေနဲ့
ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတဲ့ သတင်းအချက်အလက် အရင်းအမြစ်စင်တာတွေနဲ့ စာကြည့်တိုက်တွေရဲ့
အမျိုးသားကွန်ရက်တစ်ခုကတစ်ဆင့် သင်ယူလေ့လာဖို့နဲ့ နိုင်ငံရဲ့စွမ်းရည်ကို
တိုးချဲ့ဖို့ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ ထရက်ဖို့မှာ အသေးစားစာကြည့်တိုက်
သုံးခုကို ပြည်သူ့စာကြည့်တိုက်အဖြစ် ပေါင်းစည်းယူလိုက်ပါတယ်။ စာကြည့်တိုက်ခွဲတစ်ခုကို
ကျောင်းစာကြည့်တိုက်တစ်ခုနဲ့ ပူးပေါင်းလိုက်ပြီး ကျန်နှစ်ခုကို အေးအေးဆေးဆေး
အပန်းဖြေ စာဖတ်နိုင်တဲ့နေရာတွေအဖြစ် ထားရှိခဲ့ပါတယ်။ နိုင်ငံသားတွေကလည်း
ပြည်သူ့စာကြည့်တိုက်နဲ့ ကျောင်းစာကြည့်တိုက်နှစ်ခုလုံးရဲ့ လုပ်ငန်းတွေကို
ဖြည့်ဆည်းပံ့ပိုးပေးကြပါတယ်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ
စာကြည့်တိုက် ဝန်ဆောင်မှုအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့အချို့ဟာ
ကာတာလိုနီးယားမြို့တက္ကသိုလ်က အဝေးသင်ကျောင်းသားတွေကို
ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။
သြစတြေးလျနိုင်ငံ
ကွင့်စလန်းပြည်နယ်က ပြည်သူ့စာကြည့်တိုက်တွေဟာ စာကြည့်တိုက်မှာ ဖွဲ့စည်းထားတဲ့
အိမ်စာအသင်းအဖွဲ့တွေကတစ်ဆင့် မူလတန်းလွန်နဲ့ အလယ်တန်းကျောင်းသားတွေကို လေ့လာစရာ စာပေအရင်းအမြစ်တွေ
ပေးအပ်အထောက်အကူပြုနေသလို အီလက်ထရွန်နစ်အထောက်အကူပြုမှုတွေလည်း ရရှိနိုင်တယ်လို့
လေ့လာသိရှိရပါတယ်။
စာကြည့်တိုက်အသစ်တွေ
တိုးချဲ့ဖွင့်လှစ်
မြန်မာနိုင်ငံမှာ
နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ရှိတဲ့ ကျေးလက်နေပြည်သူတွေရဲ့စီးပွားရေးနဲ့
လူနေမှုအဆင့်အတန်း မြင့်မားဖွံ့ဖြိုးတိုးတက်လာဖို့အခြေခံကျတဲ့ အသိပညာ၊ ဗဟုသုတတွေ
တိုးပွားလာအောင် လုပ်ဆောင်ကြရပါမယ်။ ဒီလိုလုပ်ဆောင်ဖို့ ဖွင့်လှစ်ပြီး
ကျေးရွာစာကြည့်တိုက်တွေ ရှင်သန်ရေးနဲ့ စာကြည့်တိုက်အသစ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်
အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစီစာဖတ်ကြဖို့နဲ့
စာဖတ်အားကောင်းလာအောင် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် အသိပညာ၊ အတတ်ပညာတွေပြည့်ဝတဲ့
လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေ ပေါ်ထွန်းလာပြီး အသိပညာကြွယ်ဝတဲ့
လူ့ပတ်ဝန်းကျင်ကောင်းတွေနဲ့ တိုးတက်မှုတွေရရှိနိုင်မှာ ဖြစ်ပါတယ်။
မျက်မှောက်ကာလမှာ
မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ
စာကြည့်တိုက်ဖောင်ဒေးရှင်းတွေကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နေသလို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတွေ ပူးပေါင်းပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ
စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတွေ၊ ဟောပြောပွဲတွေ၊ ကျပန်းစကားပြော ပြိုင်ပွဲတွေ၊
စကားရည်လုပွဲ၊ စာဖတ်ဝိုင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေကို ဆောင်ရွက်နေပါတယ်။
စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွေ
နိုင်ငံတော်အနေနဲ့လည်း
နေပြည်တော်မှ အစပြုပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။
စာကြည့်တိုက်တွေ ရှင်သန်တိုးတက်ရေးအတွက် လိုအပ်တဲ့ စာအုပ်စာစောင်တွေ၊ အဆောက်အအုံတွေ
ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတွေ၊ တပ်မတော်၊ ဌာနဆိုင်ရာတွေ၊ အလှူရှင်တွေနဲ့ ပြည်သူတွေ
ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွေကို
အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက် ရေးကော်မတီကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၂၂
ရက် နေ့မှာ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့
တင်ပြလိုတာကတော့ လူတစ်ဦးချင်းစီက စာဖတ်အားကောင်းလာရင်၊ စာဖတ်သူတွေ တိုးပွားလာရင်
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေ မလွဲမသွေ ခံစားကြရပါမယ်။
အသိပညာရှင်၊ အတတ်ပညာရှင်လူ့စွမ်းအား တွေနဲ့တည်ဆောက်ထားတဲ့ လူနေမှုအဆောက်အအုံကြီးထဲမှာ
ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်ပါလိမ့်မယ်။ ဒီလိုနေထိုင်နိုင်ဖို့ အခြေခံကျတဲ့
သုတအဖြာဖြာမျှဝေရာ၊ ပညာဘဏ်တိုက် စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် ပြည်သူတစ်ရပ်လုံးက
ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။
ကိုးကား
- နေ့စဉ်ထုတ် သတင်းစာများ
- ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ (ပြန်/ဆက်ဦးစီးဌာနမှ
ဘာသာပြန်)

No comments:
Post a Comment