ချောင်းသာ မေ ၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့၌ ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ စခန်းချနေထိုင်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း (ချောင်းသာ) စခန်းပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက စခန်းတည်ရှိရာ AZURA ဟိုတယ်ရှေ့ ကမ်းခြေသဲသောင်ပြင်တွင်ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စခန်းပိတ်သိမ်းပွဲကျင်းပမည့် ကမ်းခြေသဲသောင်ပြင်၌ လူရည်ချွန်မောင်မယ်များက နေရာယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
တပျော်တပါးပါဝင်ဆင်နွှဲ
ယင်းနောက် စခန်းသိမ်း မီးပုံပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က စခန်းသိမ်းမီးပုံအား မီးစတင်ထွန်းညှိ၍ မီးပုံပွဲကို စတင်ကျင်းပပြီးဝန်ကြီးချုပ်နှင့်အတူ ဧည့်သည်တော်များ၊ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာဆရာမများက မီးပုံပွဲကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်
ထို့နောက် လူရည်ချွန်အပန်း ဖြေစခန်း (ချောင်းသာ) စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းနှင့် ချောင်းသာဟိုတယ် ဇုန်အဖွဲ့များက လူရည်ချွန်မောင်မယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး သီဆိုကပြဖျော်ဖြေကြသည့် လူရည်ချွန် မောင်မယ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။
မီးရှူးမီးပန်းပစ်လွှတ်
ဆက်လက်၍ လူရည်ချွန် မောင်မယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အစုအဖွဲ့များဖြင့် တေးသီချင်းများကို ကပြသီဆိုခဲ့မှုများအား တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် ဒွါဒသမတန်း လူရည်ချွန်စခန်း (ချောင်းသာ) အား ပိတ်သိမ်းကြောင်း ကြေညာခဲ့ ပြီး လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ် ဆရာ ဆရာမများက လပ်တီးသီချင်းဖြင့်ဝိုင်းဖွဲ့သီဆို ကခုန်ခဲ့ကြကာစခန်းပိတ်သိမ်းပွဲ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်လွှတ်၍ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)

No comments:
Post a Comment