Friday, May 24, 2024

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၂/၂၀၂၄) တက်ရောက်

 

နေပြည်တော် မေ ၂၃

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ၏ (၂/၂၀၂၄)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)နှင့် ဖိတ်ကြားထားသူများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။

ဦးစွာ ဒုတိယဝန်ကြီးဒေါ်နုမြဇံက ပထမအကြိမ် (၁/၂၀၂၄) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ တိုင်းရင်းသားဝတ်စုံများနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် အဓိကတိုင်းရင်းသား ရှစ်မျိုး၏ နေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံးဝတ်စုံတစ်မျိုးစီကို မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေးသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်ရန်အချက်သည် အဓိကကျသည့် အချက်ဖြစ်ပါကြောင်း၊ သတ်မှတ်တင်ပြရာတွင် အသုံးပြုမည့်အထည်စ၊ ဒီဇိုင်း၊ အရောင်၊ တွဲဖက် အဆင်တန်ဆာများ စသည်တို့ကို အသုံးပြုရသည့် အဓိပ္ပာယ်၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အသေးစိတ်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သက်ဆိုင်ရာ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ၏ အဆုံးအဖြတ်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အတည်ပြုမှု နှင့်အတူ ဆွေးနွေးတင်ပြစေလိုပါကြောင်း။

ကော်မတီအနေဖြင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြည်နယ်အစိုးရများ၏ အတည်ပြုချက်များနှင့်တကွ နောင်ကျင်းပမည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ရေစီးကြောင်းအရ မိမိတို့နိုင်ငံက အလွန်တန်ဖိုးရှိ လှပပြီးသမိုင်းကြောင်းရှည်လျားသည့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့်ထုတ်ခြင်းတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြသည်ကို တွေ့နေရပါကြောင်း၊ သို့ဖြစ်၍ တင်ပြအတည်ပြုချက်များနှင့်အတူ မူပိုင်ခွင့်ရယူနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖိတ်ကြားထားသူက ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်း သားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပထမအကြိမ်(၁/၂၀၂၄) အစည်းအဝေးနှင့် ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့နှင့် တက်ရောက်လာကြသူ များက ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်အနေဖြင့် ပထမအကြိမ် တိုင်းရင်းသား ရှစ်မျိုး၏ အမျိုးသား၊ အမျိုးသမီးနေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနား သုံး ဝတ်စုံတစ်မျိုးစီကို အမြန် ပြုစုတင်ပြနိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment