နေပြည်တော် မေ ၂
အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့်
အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒကို မိတ်ဆက်ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသည်
ယင်းမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကျန်းမာရေး အဆင့်အတန်းမြင့်မားရေးအတွက် အရေးကြီးသည့်
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊
စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှသည် တည်ခင်းစားသုံးမှုအထိ အစားအသောက် ကွင်းဆက်တစ်လျှောက်
အစားအသောက်ဘေးကင်းရေးစံချိန် စံညွှန်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အစားအသောက်ကွင်းဆက်တစ်လျှောက်တွင်
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ကဏ္ဍအလိုက်
တာဝန်ယူလျက်ရှိကြောင်း၊ လူအများ နေ့စဉ်စားသုံးသည့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးသည်
အရေးကြီးကြောင်း၊ ဘေးအန္တရာယ်ရှိသော အစားအသောက်များကို စားသုံးမိခြင်းကြောင့် ချက်ချင်းလက်ငင်း
ကျန်းမာရေးဆိုးကျိုးများ ရရှိနိုင်သကဲ့သို့ အချို့ကိစ္စရပ်များတွင် နာတာရှည်ရောဂါများ
ဖြစ်ပွားနိုင်ကြောင်း၊ တိုးတက်လာသည့် လူဦးရေ၊ ဖွံ့ဖြိုးလာသည့် နည်းပညာများကြောင့် ပြည်တွင်း/
ပြည်ပမှ ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များ လွန်စွာများပြားလာသည့်အတွက် အစားအသောက်
ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာ အခက်အခဲရှိကြောင်း၊
အစားအသောက် စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်
ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ
လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစားအသောက်ကွင်းဆက်တစ်လျှောက် နှီးနွယ်ဌာနဆိုင်ရာများနှင့်
ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည့်အပြင် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ
အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ (Roles and Responsibilities) ရေးဆွဲချမှတ်ဆောင်ရွက်ရန်
အထူးလိုအပ်ကြောင်း၊ MSME လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းသည် အစားအသောက်ထုတ်လုပ်သည့်
လုပ်ငန်းများဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍
MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်ကို
များစွာအထောက်အကူဖြစ်မည်ဖြစ်သည့်အတွက် နှီးနွယ်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက်
ပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်
ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက် နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့်
ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်းကောင်း၊ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာပြည့်ဖြိုးက
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစားအသောက်ကွင်းဆက်တစ်လျှောက် နှီးနွယ်ဌာနအသီးသီးအနေဖြင့်
သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေမှု အခြေအနေအကျဉ်းချုပ်နှင့် ပတ်သက်၍လည်းကောင်း
ရှင်းလင်းတင်ပြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်
နှီးနွယ်ဝန်ကြီးဌာနများ၏ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ကွင်းဆက်တစ်လျှောက်တွင်
သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေးတင်ပြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင်
ဦးမြင့်စိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ နှီးနွယ်ဌာနဆိုင်ရာများမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ စုစုပေါင်းကိုယ်စားလှယ် ၁၀၈ ဦး တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို
မေ ၂ ရက်မှ ၃ ရက်အထိ နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment