Thursday, May 23, 2024

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်

 


နေပြည်တော် မေ ၂၂

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍ ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။

 







ဦးစွာ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း စသည့်သရုပ်ပြယာဉ်များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် မော်တော်ယာဉ်များဖြင့် တပေါင်းကွင်းစုရပ်မှ စတင်ထွက်ခွာကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထိုမှတစ်ဆင့် သရုပ်ပြယာဉ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်သို့ ဆက်လက်ထွက်ခွာကြပြီး သရုပ်ပြယာဉ်များကို ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အပူဇော်ခံရပ်နားထားရှိကာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက သာသနာ့အလံများနှင့် ဆီမီးတိုင်များကိုင်ဆောင်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်းအတိုင်း လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။

ထို့နောက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီးရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြပြီး မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ကျင်းပသည့်ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဟောကြားချီးမြှင့်တော်မူသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၈၀ တို့က ဆီမီးတိုင်များဖြင့် လှည့် လည်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment