Friday, May 24, 2024

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၀၀၀)အား ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲနှင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

 


မြစ်ကြီးနား မေ ၂၄

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်က ထုတ်လုပ်နိုင်ခဲ့သည့် ကျောင်းသုံးဗလာစာအုပ်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ဒါဇင်(၁၀၀၀)လှူဒါန်းပွဲ အခမ်းအနားကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ သမဝါယမဦးစီးဌာန၏ လက်တွဲပူးပေါင်းမှုဖြင့် ယနေ့ဖြိုးဝေဝေ စက္ကူစက်ရုံ၏ ကြိုးပမ်းဆောင်ရွက်မှု တို့ဖြင့် နှစ်ဖက်ချောစက္ကူကို အောင်မြင်အောင် ထုတ်လုပ်နိုင်ခဲ့သည့်အပြင် စက်ရုံမှ ထုတ်လုပ်သည့် ကျောင်းသုံး ဗလာစာအုပ်များကို ထုတ်ဝေဖြန့်ချိနိုင်ပြီဖြစ်သည့်အတွက် ပြည်နယ်ကိုယ်စားများစွာ ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ယနေ့ဖြိုးဝေဝေ စက္ကူစက်ရုံမှ လှူဒါန်းသည့် နှစ်ဖက်ချောကျောင်းသုံး စာအုပ်များသည် ကျောင်းသား/ ကျောင်းသူများအတွက် အင်မတန်အသုံးဝင်သည်ကို တွေ့ရှိရမည့်ဖြစ် သည့်အပြင် ယခုကာလအတွင်း ယာယီတိမ်းရှောင်မိသားစုများ၏ ကလေးများအတွက် ပိုမိုအထောက်အကူပြုမည်ဖြစ်ပါကြောင်း ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

ဆက်လက်၍ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ဦးဘင်ဂျမင်က အသင်းပိုင်စက်ရုံမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နှစ်ဖက်ချောစက်ဝယ်ယူတပ်ဆင် ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများ၊ ကျောင်းသုံး ဗလာစာအုပ် စတင်ထုတ်လုပ်ခဲ့မှုနှင့် ဒါဇင် ၁၀၀၀ လှူဒါန်းရေး စီစဉ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ထံ စက်ရုံမှ ထုတ်လုပ်ခဲ့သည့် နှစ်ဖက်ချော ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာသူများ အနေဖြင့် အခက်အခဲနှင့် လိုအပ်ချက်များအပေါ် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းဝန်းလက်တွဲပြီး ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း အားပေးအမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည် ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများဖြစ်သည့် အောင်မြေ(၁)၊ ဝူယန်၊ စန်းကား၊ ဇယ်ခမ်း၊ ကျန်းခမ်းစသည့် ကျေးရွာများမှ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်း လာရောက်ခိုလှုံနေ ထိုင်လျက်ရှိသည့် အိမ်‌ထောင်စု (၁၈၇)စု၊ လူဦးရေ ၁၀၀၂ ဦးတို့အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ငွေကျပ် ၁၄၀၂၅၀၀၀ တန်ဖိုးရှိ ဆန်အိတ်(၁၈၇) အိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ‌ထောက်ပံ့သည့် ငွေကျပ် ၂၉၉၂၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက် ဖာများကို အသီးသီးထောက်ပံ့ပေးအခဲ့ကြပြသည်။

ယင်းနောက် အိမ်ထောင်စုများက လတ်တလော နေထိုင်စားသောက်ရာတွင် တွေ့ကြုံရသည့် အခက်ခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment