နေပြည်တော် မေ ၂
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄-၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်လုပ်ငန်းဆောင်ရွက်မှု
နှစ်ချုပ်အစီရင်ခံစာအား မှတ်တမ်းတင်နိုင်ရန်နှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေး
ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊
ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး၊ စက်ပစ္စည်း၊ အခြား) ကဏ္ဍအနက်
စက်ပစ္စည်းအသုံးစရိတ်သည် ငွေကျပ်သန်း ၂၃၈၁၁၃၂ ဒသမ ၇၈ ပါဝင်သဖြင့် ရာခိုင်နှုန်း ၄၀
ဒသမ ၉၇ ရှိကြောင်း၊ ထို့ပြင် “ငွေလုံးငွေရင်း အသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊
စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ
ညွှန်ကြားချက်” ကို ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားရရှိပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားပြီးဖြစ်ကြောင်း။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စီမံကိန်းတန်ဖိုးပြောင်းလဲမှု
အမှုတွဲ(၃)စောင် တင်ပြထားပါသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်
၄/၂၀၂၃ ပါ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကို ကော်မတီသို့တင်ပြရန်အကြောင်း
ကြားပြီးဖြစ်၍ အမှုတွဲအမြန်ပြီးပြတ်နိုင်ရေး သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးရန်လိုကြောင်း၊
စက်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းပြုစုနိုင်ရေးအတွက် စက်ပစ္စည်းကြီးကြပ်မှုနှင့်
စံချိန်စံညွှန်းသတ်မှတ်ရေးစာစောင်နှင့် စက်မှုဝန်ကြီးဌာန၏ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရန်လုပ်ငန်းလမ်းညွှန်
(မူကြမ်း) (Project Executing and Implementation Guide-lines - Draft) တို့ကို ဖြန့်ဝေထားပြီးဖြစ်သည့်အတွက်
အကြံပြုချက်များကို ကော်မတီသို့ ပေးပို့သွားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏
မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး
အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်
ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက ၂၀၂၃-၂၀၂၄
ဘဏ္ဍာရေးနှစ်ကော်မတီ၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု နှစ်ပတ်လည်အစီရင်ခံစာကို
ရှင်းလင်းတင်ပြခြင်း၊ ကော်မတီ၏ နောက်ခံသမိုင်းအကျဉ်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်
ပြောင်းလဲဖွဲ့စည်းခဲ့မှု၊ လက်ရှိဖွဲ့စည်းထားရှိမှု၊ မူဝါဒနှင့် လုပ်ငန်းတာဝန်၊ ငွေလုံးငွေရင်း
အသုံးစရိတ် (စက်ပစ္စည်း) လျာထားခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်တင်ပြခြင်းနှင့်
စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းများအပေါ် စိစစ်ဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြရာ
ကော်မတီအဖွဲ့ဝင်များက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment