မော်လမြိုင် မေ ၃
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မီးလောင်ပျက်စီးခဲ့ရသော ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်အဆောက်အဦအား မူလပုံစံမပျက် (Steel Structure) ဖြင့် ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ကျောင်းအကျိုးတော်ဆောင်နှင့်
ဆောက်လုပ်ရေးတာဝန်ခံများက ဦးသာညှင်း ဓမ္မာရုံးအား မူလပုံစံမပျက်
ဆောက်လုပ်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို
ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က
သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီစွာဖြင့် စေတနာထား ဆောက်လုပ်ကြရန်
၊ ကျောင်းဖွင့်ကာလ အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားပြီး ဦးသာညှင်း ဓမ္မာရုံအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင်
အသစ်ဆောက်လုပ်လျက်ရှိသော အလျားပေ ၁၀၀၊ အနံပေ (၃၀) R.C.C သုံးထပ်
အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ
ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဝန်းကျင်အနီး စိမ်းလန်းစိုပြေရေးနှင့်
အရိပ်ရအပင်များ စိုက်ပျိုးရေး၊ ကလေးများအတွက် ကစားကွင်းများ ဖော်ဆောင်ပေးရေး
တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
စည်သူ(ပြန်/ဆက်)
No comments:
Post a Comment